နေပြည်တော် ဩဂုတ် ၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ် ၁၄ အတွင်းကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အား ၈၀၀ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ်ယမနေပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးပြီးဒုတိယဝန်ကြီးများက အထိမ်းအမှတ်သစ်ပင်များအား သတ်မှတ်နေရာများတွင် ဆက်လက်စိုက်ပျိုးပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများကပျိုးပင်များ တပျော်တပါး စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယခုသစ်ပင်စိုက်ပျိုးပွဲတွင် စက္ကူနှင့်ပျော့ဖတ်ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ်အသုံးဝင်သော သစ်မျိုးများ၏ ကြီးထွားမှုနှင့်မျိုးပွားနည်းအမျိုးမျိုးဖြင့် ပျိုးထောင်ထားသော သစ်မျိုးများ၏ ကြီးထွားနှုန်းကို နှိုင်းယှဉ်လေ့လာရန်ရည်ရွယ်၍ ကြီးမြန်သစ်မျိုးဖြစ်သော ယမနေသစ်မျိုးပင် ၁၆၀၀ အား လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခြင်းဖြစ်သည်။ ယခုမြေ နေရာနှင့်တစ်စပ်တည်းတွင် အခြားကြီးမြန်သစ်မျိုးများဖြစ်သော တစ်သျှူးယူကလစ်၊ ယူကလစ်၊ မာလာလူးကား၊ ပေါ်လိုးနီးယား သစ်မျိုးများဖြင့် သုတေသနစမ်းသပ်စိုက်ခင်း ဧက ၂၀ ကိုလည်း ယခုနှစ်မိုးရာသီတွင် တည်ထောင်ထားရှိပြီးဖြစ်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ မိုးရာသီတွင် လူထုလှုပ်ရှားမှုအသွင် စိုက်ပျိုးခြင်းနှင့် လူထုဖြန့်ဝေစိုက်ပျိုးခြင်းပျိုးပင် ၈ ဒသမ ၄ သန်းကျော် အပါအဝင်ပျိုးပင်စုစုပေါင်း ၂၄ သန်းကျော်အား တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်