Skip to main content

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ဗဟိုအဆင့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

နေပြည်တော် သြဂုတ် ၉

ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ဗဟိုအဆင့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့်ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျောင်းကျန်းမာရေးလုပ်ငန်း စံပြဆုရတိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ KOFIH စသည့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဘက်စုံဖွံ့ဖြိုးတိုးတက်သော ပညာရေးစနစ်အတွက် ကျောင်းသားများ၏ ကျန်းမာကြံ့ခိုင်ရေးသည် အခြေခံအုတ်မြစ်ဖြစ်ပြီး ကျောင်းသားများ၏ ပညာရေးအဆင့်အတန်းတိုးတက်မှုသည် ၎င်းတို့၏ကျန်းမာရေးအဆင့် အတန်းတိုးတက်မှုပေါ်တွင် များစွာမူတည်နေကြောင်း၊ ကျောင်းသားကျောင်းသူများ ကျောင်းနေပျော်ရေး၊ ကျောင်းတက်မှန်ရေး၊ ကျောင်းနေမြဲစေရေးဆောင်ရွက်ရာတွင် ကျောင်းသားကျောင်းသူများ ကျန်းမာသန်စွမ်းရန်နှင့် အာဟာရပြည့်ဝရန်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရန်တို့သည် အလေးထားဆောင်ရွက်ရမည့်ကဏ္ဍဖြစ်ကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးများ၏ ကျန်းမာရေးနှင့်အာဟာရပြည့်ဝမှု တိုးတက်စေရန်ရည်ရွယ်၍ ကျောင်းအခြေပြုအစီအစဉ်များဖြင့် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့်ဝန်ကြီးဌာနနှစ်ခုပူးပေါင်း၍ ကျန်းမာရေးအဆင့်မြင့်ကျောင်းများတည်ထောင်ရေး လုပ်ငန်းစဉ်များကို အလေးထား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနသည် ပညာရေးဝန်ကြီး ဌာနနှင့်ပူးပေါင်းကာ ကျန်းမာရေးအဆင့်မြင့်ကျောင်းများကို နိုင်ငံတစ်ဝန်းတွင် ထူထောင်လျက်ရှိပြီးအရေးပါသည့် ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ပညာရေးဝန်ကြီးဌာနအပါအဝင် နှီးနွှယ်ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။

ကျန်းမာရေးအဆင့်မြင့်ကျောင်းလုပ်ငန်းစဉ်များတွင် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုများနှင့် လိုအပ်သည့်ဆေးနှင့်ပစ္စည်းများ၊ ပညာပေးအထောက်အကူပစ္စည်းများ၊ ကျောင်းပတ်ဝန်းကျင်ကောင်းဖြစ်စေရန် လိုအပ်သည့်နည်းပညာများ ပံ့ပိုးမှုပေးခြင်း၊ ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်းနှင့် အစာအုပ်စုများစုံလင်စွာစားသုံးရေး အသိပညာပေးခြင်း၊ အလယ်တန်းနှင့်အထက်တန်းကျောင်းသူများကို သံဓာတ်အားဆေးတိုက်ကျွေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပါအဝင် ကျောင်းအခြေပြု ကာကွယ်ဆေးများထိုးနှံခြင်း၊ ခြင်ကျားပိုးလောက်လမ်းကင်းစင်ကျောင်းများထူထောင်ခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးကင်းစင်ကျောင်းများ ထူထောင်ခြင်းတို့အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျောင်းသားကျောင်းသူလေးများက ကျောင်းကျန်းမာရေးသီချင်းဖြင့် သရုပ်ဖော်တင်ဆက်ဖျော်ဖြေကြပြီး ကျောင်းကျန်းမာရေး လုပ်ငန်းများကို အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်သော တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများအားဆုချီးမြှင့်ပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အထိမ်းအမှတ် ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် အစီအစဉ်ဒုတိယပိုင်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူများက ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ကို ကဗျာလွတ်အကဖြင့် ကြိုဆိုကြသည်။

 ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ကျောင်းစာသင်ခန်းပြင်ပတွင် ကျောင်းသားကျောင်းသူများ၏ ကိုယ်ခန္ဓာကြံ့ခိုင်စေရေး အားကစားလှုပ်ရှား ဆောင်ရွက်မှုများကို အားပေးကြည့်ရှုပြီး ကျောင်းခန်းမအတွင်း ကျောင်းသားကျောင်းသူများက စနစ်တကျလက်ဆေးနည်းနှင့် စနစ်မှန်သွားတိုက်နည်းကို သရုပ်ပြရှင်းလင်းခြင်း၊ ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို သရုပ်ပြရှင်းလင်းခြင်း၊ ကျောင်းသားကျောင်းသူများက အာဟာရမျှတစေရန် စားသုံးရမည့် အစာအုပ်စုသုံးခုကို ခင်းကျင်းပြသ၍ အစားအစာများတွင်ပါဝင်သည့်ပစ္စည်းများ၏ ကျန်းမာရေးအရအကျိုးရှိပုံကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့က မေးမြန်းဆွေးနွေးကြသည်။

ဆက်လက်၍ ကျောင်းသားကျောင်းသူများက ဘဝတွက်တာ ကျောင်းကျန်းမာသရုပ်ပြကဗျာအပါအဝင် ကျန်းမာရေးသရုပ်ပြကဗျာများဖြင့် ဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့က အားပေးကြည့်ရှုပြီး ကျောင်းသားကျောင်းသူများအား သန်ချဆေး၊ သံဓာတ်အားဆေးများ တိုက်ကျွေးခြင်းနှင့် နို့၊ ကြက်ဥပြုတ်နှင့် ငှက်ပျောသီးအာဟာရများ ပေးဝေကာ ကျောင်းသား ကျောင်းသူများအားသွားနှင့်ခံတွင်းကျန်းမာရေးဌာနခွဲမှ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်ကြီးများက သွားနှင့်ခံတွင်းကျန်းမာ ရေးစောင့်ရှောက်ပေးမှုများနှင့် မျက်စိအထူးကုဆရာဝန်ကြီးများက မျက်စိကျန်းမာရေးစစ်ဆေးပေးပြီး မျက်မှန်များထောက်ပံ့ပေးနေခြင်းကို အားပေးကြည့်ရှုကြသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသားကျောင်းသူများ ဘက်စုံဖွံ့ဖြိုးရေးအတွက် ဂီတသံစုံ တီးဝိုင်းဖြင့် လေ့ကျင့်နေမှုနှင့် ယခုနှစ် ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “ကျန်းမာပျော်ရွှင် ပညာသင်၊ စွမ်းရည်ထက်မြက် အနာဂတ်အတွက်”ခေါင်းစဉ်ဖြင့် ကျင်းပလျက်ရှိသည့် စာစီစာကုံးပြိုင်ပွဲကို ကြည့်ရှုအားပေးကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများနှင့် အထိမ်းအမှတ်အခမ်းအနားများကို ပြည်ထောင်စုနယ်မြေနေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

သတင်းစဉ်