Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြင်ခဲ့ရသူများ၏ ရင်တွင်းပီတိစကားသံများ

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းရှင်လူအများ ပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှစတင်၍ ၁၆ ရက်အထိ လုံခြုံရေးအရလိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ကာ အခမဲ့ဝင်ရောက်ဖူးမြော်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားရှိ ခဲ့သည်။

ထို့ကြောင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများဖြင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း အထူးစည်ကားများပြားလျက်ရှိပြီး အဆိုပါ ဘုရားဖူးပြည်သူများနှင့်တွေ့ဆုံ၍ ကြည်ညိုသပ္ပာယ်လှသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ကိုယ်တိုင်ကိုယ်ကျဖူးမြင်ခဲ့ရသည့် ရင်တွင်းဝမ်းသာပီတိစကားသံများကို ရေးသားဝေမျှလိုက်ရပါသည်။

ဦးဝင်းမောင် (ပျော်ဘွယ်မြို့)

ဘုရားကြီးဖူးမြော်ခွင့်ပြုတဲ့ မနေ့ကတည်းကလာဖို့စီစဉ်ထားပေမယ့် အလုပ်ကိစ္စလေးတွေပေါ်လာခဲ့လို့ ဒီနေ့မှ လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။ ကျွန်တော်က ကလေးတွေကို အခမဲ့စာသင်ပေးနေတဲ့ ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့် ဘုရားကြီးကိုဖူးမြော်ဖို့ ကလေးတွေနဲ့အတူလာရောက်ခြင်းဖြစ်ပါတယ်။ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေကနေ ဘုရားကြီးကိုဖူးမြော်ခဲ့ရပေမယ့် အခုလိုကိုယ်တိုင်ကိုယ်ကျ ဖူးမြော်လိုက်ရတဲ့အခါ ရင်ထဲမှာပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက်လည်း အင်မတန်ဂုဏ်ယူမိပါတယ်။

နောက်ပြီး ဘုရားကြီးက ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်တွေ အနက်ဉာဏ်တော်အမြင့်ဆုံးလည်း ဖြစ်တယ်လို့သိရှိရပါတယ်။ ဒီလိုမျိုး ကြည်ညိုသပ္ပာယ်ဖို့ကောင်းတဲ့ ဘုရားကြီးကို တည်ဆောက်ပူဇော်ပေးကြတဲ့ တာဝန်ရှိသူတွေအားလုံးကို ဗုဒ္ဓဘာသာဝင်တွေကိုယ်စား ကျွန်တော်ကအထူးကျေးဇူးတင်ရှိ ပါတယ်လို့လည်းပြောလိုပါတယ်။ ဗုဒ္ဓဥယျာဉ်တော်အတွင်းမှာ တည်ဆောက်ထားတဲ့ သာသနိကအဆောက်အအုံတွေဟာလည်း ဗိသုကာအဆင့်အတန်း အတော်လေးမြင့်မားတာကို တွေ့ရပါတယ်။ ဒါကြောင့် ရပ်ဝေး၊ ရပ်နီးက ဓမ္မမိတ်ဆွေတွေအနေနဲ့ ထူးကဲစွာဖူးတွေ့ရမယ့် မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ကြပါလို့ တိုက်တွန်းလိုပါတယ်။

ဒေါ်လှလှဆင့်(နေပြည်တော်)

ကျွန်မအနေနဲ့ ဒီဘုရားကြီး စတင်တည်ဆောက် ပူဇော်မယ်ဆိုကတည်းက ကြည်ညိုလွန်းလို့ အလှူငွေတွေလှူဒါန်းပြီး ဌာပနာသွင်းတဲ့အချိန်မှာလည်း လက်ဝတ်ရတနာတွေလှူဒါန်းခဲ့ပါတယ်။ ဘုရားကြီးကိုဖူးမြော်ခွင့်ပြုတဲ့ အခါမှာလည်း ဖူးမြော်ချင်လွန်းလို့ လာရောက်ဖူးမြော်ကြတာ ဖြစ်ပါတယ်။ ဘုရားမုခ်ဦးကိုစရောက်တဲ့အခါမှာ တာဝန်ရှိသူတွေက လုံခြုံရေးအရစနစ်တကျ စစ်ဆေးဆောင်ရွက်ပေးတဲ့အတွက်လည်း သဘောကျမိပါတယ်။ ဘုရားကြီးပရိဝုဏ်ထဲကို ဝင်ရောက်တဲ့အခါမှာ ကြီးကျယ်ခမ်းနားစွာတည်ဆောက်ထားတဲ့ သာသနိကအဆောက်အအုံတွေကိုမြင်မိပြီး အတော်လေးအံ့ဩမိသွားပါတယ်။ ရုပ်မြင်သံကြားမှာပဲ မြင်ဖူးတဲ့ဘုရားကြီးကို အခုလက်တွေ့မျက်မြင် ဖူးတွေ့လိုက်ရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။ ဘုရားဖူးတွေအေးအေးဆေးဆေးနားနေဖို့ အဆောင်တွေကိုလည်းစနစ်တကျ ထည့်သွင်းထားတဲ့အတွက် ဘုရား ဖူးရင်း မိသားစုလိုက်အနားယူ အပန်းဖြေဖြစ်ခဲ့ကြပါတယ်။

ကျောက်စာရုံစေတီမှာထည့် သွင်းရေးထိုးထားတဲ့ ပိဋကတ်သုံးပုံကျမ်းစာတွေကို သွားရောက်ဖူးမြော်လေ့လာရင်း ဗုဒ္ဓဘာသာရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ မိုးတွေ ရွာနေပေမယ့်လည်း ဘုရားကြီးကိုဖူးမြော်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ စိတ်တူကိုယ်တူလာရောက်ကြသူတွေကိုမြင်တွေ့ပြီး ဝမ်းသာပီတိဖြစ်လို့ မျက်ရည်တောင်ကျမိပါတယ်။ ဒါကြောင့် ခုနစ်ရက်သားသမီးတွေအနေနဲ့ ထူးခြားမှုတွေနဲ့ပြည့်စုံနေတဲ့ဘုရားကြီးကို လာရောက်ဖူးမြော်ကြစေလိုပါတယ်။

ဦးစိုးဝင်းထွန်း ( ပျော်ဘွယ်မြို့)

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေတာတွေကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ကတည်းက ဘုရားကြီးတည်ဆောက်ပြီးတဲ့အချိန်မှာ သွားရောက်ဖူးမြော်မယ်လို့ အားခဲထားတာပါ။ ဘုရားကြီးကို မနေ့ကစပြီး ဖူးမြော်လို့ရပြီဆိုလို့ ဒီနေ့မှာ မိုးရွာနေတဲ့ကြားထဲက ပျော်ဘွယ်ကနေဆိုင်ကယ်နဲ့ လာရောက်ဖူးမြော်တာပါ။ ဘုရားကြီးကို ဖူးမြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော်လာရကျိုးနပ်သွားပြီလို့ စိတ်ထဲမှာခံစားမိသွားတယ်။ ဘုရားကြီးဟာ ကမ္ဘာမှာလည်း အကြီးဆုံး စကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် အင်မတန်မှဝမ်းသာဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။ ကျောက်စာရုံစေတီတွေ တည်ဆောက် ပူဇော်ထားမှုကလည်း ကျွန်တော့်အတွက်တော့ အံ့မခန်းဖြစ်မိပါတယ်။ ဘုရားကြီးကိုတည်ဆောက်ပူဇော်ပေးတဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မြန်မာပြည်အရပ် ရပ်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြည်ညို ကြဖို့ဖိတ်ခေါ်ချင်ပါတယ်။

ဦးသန်းထွန်း (သာစည်မြို့)

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်လို့ရပြီဆိုတဲ့ သတင်းကြားကြားချင်းမှာ အင်မတန်မှဝမ်းသာမိပါတယ်။ ဒါကြောင့် မနက်အစောပိုင်းမှာပဲ အိမ်နီးချင်းတွေနဲ့ဆွေမျိုးတွေစုပြီး ကားနဲ့လာရောက်ဖူးမြော် ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ အသက်အရွယ်ကလည်း ကြီးပြီဆိုတော့ တစ်သက်မှာတစ်ခါ အခုလိုဘုရားကြီးကိုဖူးမြော်ခွင့်ရလို့ ဝမ်းသာပီတိဖြစ်မိပါတယ်။ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို စကျင်ကျောက်တွေနဲ့ ထုဆစ်ထားတဲ့အတွက် ကျွန်တော်တို့တစ်သက် ဖူးမြော်ခဲ့ရတဲ့ ဘုရားတွေထဲမှာ အင်မတန်မှထူးခြားသပ္ပာယ်ပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုး တွေအတွက်လည်း ဒီဘုရားကြီးဟာ သမိုင်းအစဉ်အဆက် ဂုဏ်ယူစရာကောင်းတဲ့ ဘုရားကြီးတစ်ဆူဖြစ်လာမှာပါ။ ဘုရားကြီးတည် ဖို့ စကျင်ကျောက်ကို ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းအဆင့်ဆင့်နဲ့ ခက်ခက်ခဲခဲတည်ထားပူဇော်ရတယ်လို့လည်း သိရှိခဲ့ရပါတယ်။ ဒီလို အခက်အခဲအမျိုးမျိုးကို ကျော်လွှားပြီး ကြည်ညိုသပ္ပာယ်စရာ ကောင်းလွန်းလှတဲ့ ဘုရားကြီးကိုတည်ဆောက်ပူဇော်ခဲ့တဲ့ တာဝန်ရှိသူအားလုံးကို ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေကိုယ်စား ကျေးဇူးတင်ရှိပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို ပြည်သူတွေအနေ နဲ့ လာရောက်ဖူးမြော် ကြည်ညိုကြဖို့ဖိတ်ခေါ်ချင်ပါတယ်။

ဒေါ်ပြုံးပြုံးလွင် (နေပြည်တော်)

အရင်ဆုံး ကျွန်မအနေနဲ့သမိုင်းဝင်မယ့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို တည်ထားပူဇော်ပေးကြသူတွေအားလုံးကို ကျေးဇူးတင်လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဘုရားကြီး တည်ထားပူဇော်ဖို့ဆိုတာ တော်ရုံတန်ရုံဇွဲရှိရုံနဲ့ မဖြစ်နိုင်ပါဘူး။ အင်မတန်မှ ကြည်ညိုသပ္ပာယ်ချင်စရာကောင်းတယ်ဆိုတာ ကိုယ်တိုင်ဖူးမြော်ဖူးမှ သိမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားကြီးကို စကျင်ကျောက်နဲ့ပဲထုဆစ်ပူဇော်ထားတဲ့အတွက် ကမ္ဘာမှာအကြီးဆုံး ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် မှတ်တမ်းဝင်မှာဖြစ်သလို ကြီးကျယ်ခမ်းနားထည်ဝါပြီး ကြည်ညိုသပ္ပာယ်ဖို့ ကောင်းပါတယ်။ ဘုရားကြီးကို အခက်အခဲတွေကြားထဲကနေထုဆစ်ပြီး အခုလိုဖူးမြော်ဖို့အတွက် ရေလမ်း၊ ကုန်လမ်းကနေသယ်ဆောင်ခဲ့တဲ့ သာ့သနာအကျိုးဆောင်တွေနဲ့ အလှူရှင်တွေအားလုံးအတွက် ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။

ဦးတင်ထွဋ်(နေပြည်တော်)

ဒီလို ကြည်ညိုသပ္ပာယ်ဖို့ ကောင်းတဲ့ဘုရားကြီးကို ဖူးမြော်ခွင့်ရလိမ့်မယ်လို့ ကျွန်တော့်ဘဝမှာ မထင်ခဲ့ပါဘူး။ အခု ကိုယ်တိုင်ဖူးတွေ့ခဲ့ရတော့ ဝမ်းသာပီတိဖြစ်မိပါတယ်။ ဘုရားကြီးတည်ထား ပူဇော်ထားတဲ့ ဗုဒ္ဓဥယျာဉ်အတွင်းမှာလည်း ဘုရား၊ ကျောင်းကန်၊ သာသနိက အဆောက်အအုံတွေ ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ နောက်ပြီး ဗုဒ္ဓရဲ့အဆုံးအမတွေကို ဒီဘုရားကြီးမှာ အများကြီးတွေ့ခဲ့ရပါတယ်။ ကျောက်စာရုံစေတီတွေမှာလည်း ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာတွေကို ရေးထိုးထားတဲ့အတွက် ဗုဒ္ဓဘာသာရဲ့အမွေအနှစ် အစစ်အမှန်တွေကိုဖော်ပြထားတဲ့ နေရာကြီးတစ်နေရာဆိုလည်းမမှားပါဘူး။ တည်ဆောက်ထားတဲ့ ဗိသုကာလက်ရာ ဟန်ပန်တွေကလည်း အဆင့်အတန်းမြင့်မားပါတယ်။ နောက်ရက်တွေမှာလည်း မိသားစုနဲ့အတူအသေးစိတ်လေ့လာဖို့အတွက် နောက်တစ်ခေါက် လာရောက်ဖူးမြော်မှာဖြစ်သလို ပြည်သူများအနေနဲ့လည်း လာရောက်ဖူးမြော်ကြဖို့ တိုက်တွန်း လိုပါတယ်။

ဒေါ်ဝတ်ရည်ထွေး(နေပြည်တော်)

ဘုရားကြီးကို စတင်ဖူးမြော် ခွင့်ပြုတော့မယ်လို့ ကြားကတည်းက အလွန်ဖူးမြော်ချင်စိတ် ဖြစ်ပေါ်နေခဲ့တာပါ။ ဒီနေ့တော့ မိုးရွာနေတဲ့ကြားထဲက မရောက်ရောက်အောင် လာရောက်ဖူးမြော်ခြင်း ဖြစ်ပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေထဲမှာတော့ ဖူးတွေ့ခဲ့ရပေမယ့် အခုအပြင်မှာဖူးမြင်ရတော့ လွန်စွာသပ္ပာယ်ကြည်ညိုလှပါတယ်။ နောက်ပြီး မသန်စွမ်းတွေနဲ့ သက်ကြီးဘိုးဘွားတွေ ဘုရားရင်ပြင်ပေါ်ကိုတက်ရောက်ပြီး ဖူးမြော်နိုင်ဖို့ စက်လှေကားစီစဉ်ပေးထားမှုကလည်း အတော်လေးအဆင်ပြေပါတယ်။ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ဂန္ဓကုဋိတိုက်အတွင်းမှာလည်း ၅၅၀ ဇာတ်နိပါတ်တော် ကို ပြသထားခြင်းဟာလည်း ဗုဒ္ဓဘာသာရဲ့အနှစ်သာရကို ထင်ဟပ် စေပါတယ်။ ကျောက်စာရုံစေတီ မှာဆိုလည်း လေ့လာစရာတွေ အများကြီးရှိနေပါတယ်။ ကျောက်စာရုံစေတီတွေ ဘက်ကနေလည်း ဘုရားကြီးကိုဖူးမြော်လို့ရအောင် တည်ဆောက်ထားတဲ့ အတတ်ပညာကလည်း ထူးခြားပါတယ်။ ဒါကြောင့် အနယ်နယ်အရပ်ရပ်က မိတ်ဆွေ၊ သူငယ်ချင်းတွေ လာရောက်ဖူးမြော်ကြဖို့ နှိုးဆော်လိုပါတယ်။

ကိုသက်နိုင်စိုး(နေပြည်တော်)

ဒီဘုရားကြီးက ကျွန်တော်တို့နေပြည်တော်အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်ပါတယ်။ နောက်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်တွေထဲမှာ ဉာဏ်တော်အမြင့်ဆုံးဘုရား ကြီးဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက်လည်း ဂုဏ်ယူစရာအဖြစ် ပေါ်ထွန်းလာခဲ့သလို ဘာသာရေး အတွက်လည်းအဖိုးမဖြတ်နိုင်တဲ့ ဘုရားကြီးတစ်ဆူဖြစ်ပါတယ်။ ဘုရားကြီးကို နေပြည်တော် ပတ်ဝန်းကျင်မြို့နယ်က ဒေသခံတွေအပြင် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကဘုရားဖူး ပြည်သူတွေလည်း တစ်ခဲနက်လာရောက်ဖူးမြော်ကြတာကို ဝမ်းသာဖွယ်ရာတွေ့မြင်ရပါတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေအနေနဲ့ ဒီဘုရားကြီးကိုဖူးမြော်ပြီး နေပြည်တော်က အထင်ကရနေရာတွေကိုလည်း လာရောက်လည်ပတ်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

တွေ့ဆုံမေးမြန်း - အောင်ဟိန်း

ဓာတ်ပုံ - ဟိန်းအောင်