နေပြည်တော် ဩဂုတ် ၉
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း (၂၀၂၂) ဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံအတွက် သိပ္ပံနည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ လမ်းပြမြေပုံရေးဆွဲဆောင်ရွက်နိုင်ရန် သိပ္ပံနှင့်နည်းပညာဆိုင်ရာလက်ရှိဆောင်ရွက်နေမှုများနှင့် အမျိုးသားလူမှုစီးပွားရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပေးနေမှုများကို stakeholders များနှင့် ဆွေးနွေးညှိနှိုင်းသော အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဩဂုတ် ၈ ရက်မှ ၉ ရက်အထိကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တက္ကသိုလ်များမှ ပါမောက္ခများ၊ UMFCCI မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ MSME အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု၏ အလုံးစုံတိုးတက်မှုအတွက် အဓိကမောင်းနှင်အား တစ်ခုဖြစ်ခြင်းကြောင့် သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သံယဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနများမှ ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ UMFCCI မှ ကိုယ်စားလှယ်များ၊ MSME အသင်း အဖွဲ့များမှကိုယ်စားလှယ်များသည် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ လက်ရှိဆောင်ရွက်နေမှု၊ လိုအပ်ချက်၊ ကွာဟချက်များနှင့် ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းများချမှတ်နိုင်ရန် စုပေါင်းဆွေးနွေးကြခြင်းဖြစ်သည်။
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာအုပ်ချုပ်မှုအစီအမံကောင်းများ၊ လုပ်ငန်းခွင်တွင်အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက် ရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနနှင့်ဆန်းသစ်သောနည်းပညာများ အထောက်အကူ ပြုနိုင်ရန် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် တက္ကသိုလ်များ၊ သုတေသနဌာနများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးတို့ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများဖြင့် မဟာဗျူဟာလမ်းပြမြေပုံထွက်ပေါ်ရန် ရည်ရွယ်ပြီး အုပ်စုဖွဲ့ဆွေးနွေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
(သတင်းစဉ်)