Skip to main content

NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏ မတရားအနိုင်ကျင့် ဖမ်းဆီးချုပ်နှောင်ထားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကောင်းမွန်စွာ ပြန်လည်ကယ်တင်နိုင်

နေပြည်တော် ဩဂုတ် ၉

NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့ရွာများမှမတရားအနိုင်ကျင့်ဖမ်းဆီးချုပ်နှောင်ထားသော နိုင်ငံဝန်ထမ်းနှင့် ကျေးရွာသူ၊ ကျေးရွာသား၊ စုစုပေါင်း ၃၀ ဦးအား ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာရှိ နေအိမ် ၂ လုံးအတွင်းမှ ကောင်းမွန်စွာ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းကုန်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ လယ်ကွင်းများ၌ စပါးစိုက်ပျိုးနေကြသည့် ဒေသခံပြည်သူ ၂၁ ဦးနှင့် နွား၊ သိုး၊ ဆိတ်နှင့်လှည်းများအား ဩဂုတ် ၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက အတင်းအဓမ္ဓဖမ်းဆီး ခေါ်ဆောင်သွားပြီး အဆိုပါကျေးရွာသူ၊ ကျေးရွာသားများအား ငွေကြေးဖြင့်လာရောက်ရွေးရန် အတင်းအဓမ္မခြိမ်းခြောက်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူများက ဖမ်းဆီးခံကျေးရွာသူ၊ ကျေးရွားသားများအား ပြန်လည်ကယ်တင်ပေးရန် နယ်မြေခံတပ်သို့ လာရောက်အကူအညီတောင်းခံခဲ့သည်။

ထိုသို့ ဒေသခံပြည်သူများ၏ လာရောက်အကူအညီတောင်းခံမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မြေပြင်သတင်းဖော်ထုတ်၍ ယနေ့နံနက် ၁ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီအခြေပြုနေထိုင်သည့် ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာသို့ ဝင်ရောက်စီးနင်း ရှာဖွေကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက်သမားများ ဖမ်းဆီးထားသော ဘုန်းကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ အပြစ်မဲ့ဒေသခံပြည်သူ ၂၉ ဦးနှင့် မီးသတ်ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ၃၀ ဦးတို့အား ကယ်ဆယ်နိုင်ခဲ့ပြီး PDF အမည်ခံအကြမ်းဖက်သမားများထံမှ လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်ဗုံးသီး ၄၂ လုံး၊ လက်လုပ်ရှော့တိုက်ဒုံး ၁၂ လုံး၊ လက်လုပ်သေနတ် ၄ လက်၊ မိုင်းမျိုးစုံ ၁၆ လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။

အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ ရိုးသားစွာနေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသော အပြစ်မဲ့ကျေးရွာသူ၊ ကျေးရွာသားများကို အတင်းချုပ်နှောင်ဖမ်းဆီး ခြင်း၊ နိုင်ငံဝန်ထမ်းများကို အကြပ်ကိုင်ခြိမ်းခြောက်ချုပ်နှောင်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter-terrorism Action) ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုသတင်းများရရှိက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျို့ဝှက်စွာသတင်းပေးတိုင်ကြားရန် အသိပေးထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။