ဘားအံ သြဂုတ် ၉
ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ၊ ချောင်းရေလျှံခြင်း၊ မြေပြိုကျခြင်းများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် သြဂုတ်လ ၇ ရက်နေ့က မြဝတီ – ကော့ကရိတ် အာရှကားလမ်းမကြီး၊ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉)နှင့် (၁၅၀) အကြားနေရာတွင် ကားလမ်းအောက်ခံမြေသားအကျယ် ၃၃ ပေရှိ ကတ္တရာခင်း ကားလမ်းအရှည် ၁၅၀ ပေခန့်သည် ပဲ့ကျပျက်စီးခဲ့ရာ ယာဥ်သွားလာမှုယာယီရပ်ဆိုင်းထားရပြီး အဆိုပါလမ်းပိုင်းအမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်သွားမည့်အခြေအနေများကို ကရင်ပြည်နယ် လမ်းဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်ညိုအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး- မင်္ဂလာပါဆရာ။ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်း မြေပြိုမှုဖြစ်သွားတဲ့အတွက် မော်တော်ယာဥ်များ သွားလာမှုရပ်ဆိုင်းသွားတယ်လို့ သိရပါတယ်။ ဆရာတို့အနေနဲ့ ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာ သိလိုပါတယ်။
ဖြေ- ဟုတ်ကဲ့ပါ။ အဆိုပါအာရှလမ်းမကြီးမြေပြိုမှုနဲ့ပတ်သက်ပြီး သြဂုတ်လ ၉ ရက်နေ့က ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် ဦးဆောင်ပြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေ လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ရန် ကွင်းဆင်းကြည့်ရှုခဲ့ပါတယ်။ ပြီးတော့ အာရှလမ်းမြေသားပြိုကျတဲ့နေရာမှာ ယာယီဘေလီတံတားထိုးဖို့ ညွှန်ကြားထားပါတယ်။ ဘေလီတံတားထိုးတဲ့အခါမှာ လမ်းပန်းပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် လမ်းပြတ်ကျတဲ့နေရာရဲ့ တစ်ဖက်တစ်ချက်စီမှာ (၃၀၀) ပေ ချဉ်းကပ်လမ်းသစ်ကို တောင်ဖြတ်ဖောက်လုပ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ရှောင်ကွင်းလမ်းအနေနဲ့ ချဉ်းကပ်လမ်း(၃၀၀+၃၀၀) ၆၀၀ ပေနဲ့ လမ်းပြတ်ကျပျက်စီး နေရာ (၂၀၀)ပေ၊ စုစုပေါင်းအရှည် (၈၀၀)ပေခန့် ဖောက်လုပ်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး မြေသားသိပ်သည်းကျစ်လျစ်အမာခံရရှိအောင် ဆောင်ရွက်ပြီး လမ်းပြတ်ကျပျက်စီး (၂၀၀) ပေခန့်ရဲ့ လမ်းအတွင်းဘက်ခြမ်း တောင်ခြေနဲ့တည့်တည့် ကပ်လျက်နေရာမှာ ဝန်ပါကားများပါ ဖြတ်သန်းနိုင်ရေးအတွက် လမ်းမြေသားပေါ်၌ ဘေလီတံတား အရှည် (၂၀၀) ပေခန့် ထိုးပေးရမှာပါ။
မေး- ဟုတ်ကဲ့ပါဆရာ။ ဘေလီတံတားထိုးမယ်ဆိုရင်ရော အချိန်ဘယ်လောက်ယူရမလဲဆရာ။
ဖြေ- အချိန်ဘယ်လောက်ယူရမလဲဆိုရင်တော့ လုပ်အားလုပ်နိုင်တဲ့အပေါ်နဲ့ ရာသီဥတုအပေါ်မှာ မူတည်ပါတယ်။ အဓိက ရာသီဥတုလည်းသာယာမယ်၊ လုပ်အားလည်း အချိန်ပြည့်လုပ်နိုင်မယ်ဆိုရင် အလွန်ဆုံးတစ်လပဲ။ တစ်လတည်းနဲ့အပြီးဆောင်ရွက်လို့ရပါတယ်။
မေး- ဟုတ်ကဲ့ပါဆရာ။ အခု ဘေလီတံတားထိုးဖို့ ဘယ်ရက်လောက် စပြီးလုပ်ဖြစ်မလဲဆရာ။
ဖြေ- ဟုတ်ကဲ့ သြဂုတ် ၁၀ ရက်နေ့ကစပြီး တံတားတည်ဆောက်ရေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေစပြီး ပို့ဆောင်ဖို့ဆောင်ရွက်နေပါပြီ။ ပို့ဆောင်ပြီးတာနဲ့ လိုအပ်တဲ့ ယာဥ်ယန္တရားတွေနဲ့ လုပ်ငန်းစတင်ဆောင်ရွက်မှာပါ။
မေး- အခုလောလောဆယ် ယာဥ်သွားလာမှုတွေကို ဘယ်လိုစီစဥ်ဆောင်ရွက်ထားပါလဲဆရာ။
ဖြေ- ကုန်တင်ယာဥ်ကြီးတွေတော့ သွားလို့မရသေးပါဘူး။ လူစီးယာဥ်တွေနဲ့ တချို့ပစ္စည်းသယ်ယာဥ်ငယ်လေးတွေကိုတော့ ယခင်ကအသုံးပြုခဲ့တဲ့ မြဝတီ-ကော့ကရိတ် လမ်းဟောင်းဖြစ်တဲ့ ထို့ကော်လမ်းပိုင်းကနေ နေ့စဥ်သွားလို့ရအောင် စီစဥ်ဆောင်ရွက်ပေးထားပါတယ်။
မေး- အာရှလမ်းကြီးနဲ့ပတ်သက်ပြီး ပင်မလမ်းမကြီးကို ဘယ်လိုဆက်ပြီး ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်သွားမလဲ သိပါရစေဆရာ။
ဖြေ- ပင်မလမ်းမကြီးပျက်စီးမှုကိုတော့ ပွင့်လင်းရာသီအချိန်မှာ တံတားဦးစီးဌာနမှ ဖြစ်ပေါ်လာနိုင်တဲ့ ရေအားပမာဏကိုတွက်ချက်ပြီး ရေထွက်ပြွန် (Culvert) သို့မဟုတ် တံတား(Bridge) တည်ဆောက်သွားမှာဖြစ်ပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် ထိုင်း-မြန်မာ ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းထဲတွင် ပါဝင်နေပြီး ကုန်တင်ယာဉ်များ နေ့စဉ် ဖြတ်သန်းသွားလာနေသည့် လမ်းဖြစ်သည့်အပြင် မြဝတီမြို့နှင့် ရန်ကုန်မြို့သို့ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ၊ အိမ်စီးယာဉ်များ နေ့စဉ်ဖြတ်သန်းသွားလာနေသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှစားသောက်ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ သစ်သီးနှင့်အခြားပစ္စည်းများ တင်သွင်းနေသော လမ်းပိုင်းဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)