Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးမြန်မာ့မီးရထား စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်) ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ မြန်မာ့မီးရထား၊ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ် ရေးစက်ရုံ (နေပြည်တော်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စက်ရုံအစည်းအဝေးခန်းမ၌ မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက စက်ရုံ၏နောက်ခံသမိုင်းနှင့် ဒီဇယ်လျှပ်စစ်စက်ခေါင်းသစ်များ တပ်ဆင်ထုတ်လုပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက စက်ခေါင်းများ လက်ရှိ သုံးစွဲနိုင်မှု၊ အနာဂတ်ရည်မှန်းချက်နှင့် စက်ခေါင်းများထပ်မံလိုအပ်မှုအခြေအနေတို့ကို ကြိုတင်မျှော်တွေး၍ စက်ခေါင်းအမျိုးအစား၊ အရေအတွက်တို့ကိုလက်တွေ့ကျစွာ လျာထားတပ်ဆင် ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ရေး၊ စက်ရုံကြီး၌ တပ်ဆင်ထားသော စက်ကိရိယာပစ္စည်းများ၊ ကျွမ်းကျင်ဝန်ထမ်းများ၏ အတွေ့အကြုံများကို အသုံးချ၍ နောင်တွင်စက်ခေါင်းသစ်တပ်ဆင် တည်ဆောက်မှုလုပ်ငန်းများကို ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နိုင်အောင် ကြိုးပမ်းရေး၊ ပစ္စည်းလိုအပ်ချက်အပေါ် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်ဆက်သွယ်၍ ပြည်တွင်း၌ ထုတ်လုပ်၊ ဝယ်ယူရရှိနိုင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ နိုင်ငံခြားငွေသုံးစွဲရမှုကို ချွေတာနိုင်စေရေး၊ ပစ္စည်းဝယ်ယူရေး တင်ဒါလုပ်ငန်းစဉ်များတွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ဂရုပြုဆောင်ရွက်ရေး၊ စက်ရုံ၏လုံခြုံရေး၊ ဝန်ထမ်းများ၏လုံခြုံရေးကို အလေး အနက်ထား ဆောင်ရွက်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်စက်ခေါင်းသစ် တပ်ဆင် ထုတ်လုပ်ရေးစက်ရုံအတွင်းရှိ စက်ခေါင်းသစ်အတွက် လိုအပ်သည့်ကိုယ်ထည်နှင့် ဘီးဘိုဂီ အစိတ်အပိုင်းများ ထုတ်လုပ်နေမှု၊ တပ်ဆင်ထုတ်လုပ်ပြီးစီးနေပြီဖြစ်သည့် ဒီဇယ်လျှပ်စစ် စက်ခေါင်းသစ် DF-1273 နှင့် တပ်ဆင်ထုတ်လုပ်ဆဲ စက်ခေါင်းသစ်နှစ်ခုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)