Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ခဲ့ရသူများ၏ ရင်တွင်းပီတိစကားသံများ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူပြည်သူအများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိ လုံခြုံရေးအရ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ကာ အခမဲ့ဝင်ရောက် ဖူးမြော်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားခဲ့သည်။

ထို့ကြောင့် ယနေ့ (ဩဂုတ် ၈) ရက် နံနက်ပိုင်းမှစတင်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း အထူးစည်ကားလျက်ရှိပြီး အဆိုပါဘုရားဖူးပြည်သူများနှင့်တွေ့ဆုံ၍ ကြည်ညိုသပ္ပာယ်လှသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကိုယ်တိုင်ကိုယ်ကျဖူးမြင်ခဲ့ရသည့် ရင်တွင်းဝမ်းသာပီတိ စကားသံများကို ရေးသားမျှဝေလိုက်ရပါသည်။

ဦးဗိုလ်သစ်(စစ်ကိုင်းတိုင်းဒေသကြီး)

နေပြည်တော် ရောက်တာနဲ့ ဘုရားကြီးဖူးမြော်ခွင့်ပြုတဲ့ရက် တိုက်ဆိုင်သွားတဲ့အတွက် အခုလို လာရောက်ဖူးမြော်တာပါ။ ဘုရားကြီးတည်ထားဖို့ စကျင်ကျောက်တော်တွေကို ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းကနေ အဆင့်ဆင့်သယ်ဆောင်လာပုံတွေကို ရုပ်မြင်သံကြားကပြသကတည်းက အလွန်ပီတိဖြစ်နေခဲ့တာပါ။ အခုလို အခက်အခဲအမျိုးမျိုးက အောင်မြင်စွာတည်ထားနိုင်ခဲ့တဲ့အတွက် ဖော်မပြနိုင်လိုက်အောင် ဝမ်းသာမိပါတယ်။ တကယ့်ကို ထူးခြားပြီး သမိုင်းဝင်ဘုရားကြီး တစ်ဆူလည်း ဖြစ်ပါတယ်။ အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ရတော့ အင်မတန်ခမ်းနားထည်ဝါသပ္ပာယ်လှတာကို တွေ့မြင်ရပါတယ်။ ဘုရားကြီးတည်ထား ပူဇော်ဖို့ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ရပ်ဝေးရပ်နီးက ဓမ္မမိတ်ဆွေအပေါင်းလည်း ဘုရားကြီးကို လာရောက် ဖူးမြော်ကြပါလို့ နှိုးဆော်လိုပါတယ်။

ဒေါ်ခင်အုန်းမြင့် (ပျဉ်းမနားမြို့)

ဘုရားကြီးက ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံး ဘုရားကြီးလို့ သိရပါတယ်။ မြန်မာနိုင်ငံတင်မကဘူး တခြားနိုင်ငံမှာပါမရှိတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ ကျွန်မအသက် (၆၇)နှစ်ရှိပါပြီ။ ဒီလိုဉာဏ်တော်မြင့်တဲ့ ဘုရားကြီးကိုမဖူးမြော်ဖူးပါဘူး။ အခုဖြစ်ချင်တဲ့ လိုအင်ဆန္ဒတွေဖြစ်မြောက်သွားပါပြီ။ အလွန်အားရ ဝမ်းသာဖြစ်မိပါတယ်။ ဘုရားကြီးကို တည်ထားပူဇော်တဲ့ တာဝန်ရှိသူတွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ပါတယ်။ ဘုရားကိုဖူးမြော်ပြီး ခုနစ်ရက် သားသမီးအပေါင်းကိုလည်း မေတ္တာပို့ခဲ့ပါတယ်။ ဒါကြောင့် ဘုရားကြီးကို မဖူးမြော်ရသေးတဲ့သူတွေ အရောက်လာကြပါလို့ တိုက်တွန်းလိုပါတယ်။ အဘွားကိုယ်တိုင်လည်း မကြာခဏလာရောက် ဖူးမြော်သွားမှာပါ။

ဦးကြည်အောင် (လယ်ဝေးမြို့)

ဒီဘုရားကြီးကို ဖူးမြော်ချင်လွန်းလို့ စောင့်မျှော်နေခဲ့တာကြာပါပြီ။ ဖူးမြော်ခွင့်ပေးတဲ့ ဒီနေ့နံနက်အစောပိုင်းကတည်းက ကျွန်တော်တို့ သူငယ်ချင်းတွေစုပြီး လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။ ဘုရားကြီးကို ရုပ်မြင် သံကြားမှာ ခဏခဏမြင်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာ ထင်မှတ်မထားလောက်အောင် ကြည်ညို သပ္ပာယ်ဖွယ် ကောင်းလွန်းလှပါတယ်။ ဘုရားကြီးရဲ့ ဘုန်းတန်ခိုးတော်ကြောင့် မနက်အစောပိုင်းကတည်းက လာရောက်ဖူးမြော်တဲ့သူတွေ အင်မတန်များပြားလှတာကို တွေ့ရပါတယ်။ နောက်ပြီး ကျောက်စာရုံစေတီတွေမှာလည်း ပိဋကတ်သုံးပုံကျမ်းစာတွေကို ဘုရားဖူးလာပြည်သူတွေ လေ့လာနိုင်အောင် ရေးထိုးထားတာကို အံ့မခန်းတွေ့ရပါတယ်။ မုစလိန္ဒကန်နဲ့ နဂါးရုံဘုရားကိုလည်း သွားရောက်ဖူးမြော်သွားမှာပါ။ ဘုရားကြီးကို တည်ဆောက်ပူဇော်ပေးတဲ့ နိုင်ငံတော်က တာဝန် ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘုရားဖူးပြည်သူတွေ သုံးဆောင်ဖို့လှူဒါန်းတဲ့ သက်သတ်လွတ် သီးစုံဒံပေါက်ကိုလည်း ကုသိုလ်ပြုစားသုံးခဲ့ပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မဖြစ်မနေ လာရောက်ဖူးမြော်ကြစေလိုပါတယ်။

ကိုကျော်သူရထွန်း(တောင်ကြီးမြို့)

ကျွန်တော်က တောင်ကြီးမြို့ကနေ နေပြည်တော်ကို အလုပ်ကိစ္စနဲ့ ရောက်နေတာဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးကို ဒီနေ့မှာ စတင်ဖူးမြော်ခွင့်ပြုမယ်လို့ သိရ တဲ့အတွက် မအားတဲ့ကြားက တကူးတက လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ ဘုရားကြီးတည်ဆောက်ပူဇော်ဖို့ စကျင်ကျောက်တော် သယ်ယူတဲ့အခါမှာလည်း ရေလမ်း၊ ကုန်းလမ်းအပြင် နေ့ရောညပါသယ်ယူရတဲ့အတွက် နေပြည်တော်ကို ရောက်ဖို့ဆိုတာ အတော်ခက်ခဲပါတယ်။ ဘုရားကြီး ပင့်ထောင်တဲ့အခါမှာလည်း ခေတ်မီစက်ယန္တရားတွေ အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။ ဒီလိုအခက်အခဲတွေကြားကနေ တည်ထားပူဇော်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။

အခုလိုဘုရားကြီးကို မျက်မြင်လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာကျေနပ်ပါတယ်။ နောက်ပြီး ဘုရားကြီးက စကျင်ကျောက်နဲ့ထုဆစ်တာ အကြီးမားဆုံးဖြစ်တဲ့အတွက် မှတ်တမ်းတင်ထိုက်စရာ ဘုရား တစ်ဆူလည်းဖြစ်ပါတယ်။ ဘုရားရဲ့ ပတ်ပတ်လည်စောင်းတန်းတွေ မှာ ၅၅၀ ဇာတ်နိပါတ်တော် နဲ့ ၂၄ ပစ္စည်း ပဋ္ဌာန်းဒေသနာတော်တွေကို ထုဆစ်ထားတဲ့ ဗိသုကာလက်ရာတွေကိုလည်း တွေ့ရပါတယ်။ ကျောက်စာရုံကြီးမှာ ပိဋကတ်သုံးပုံကို ရေးထိုးတယ်ဆိုတော့ တကယ်ကိုထူးခြားပါတယ်။ အနယ်နယ်အရပ်ရပ်က ပြည်သူတွေလည်း မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ကြပါ။ ကျွန်တော့်လိုပဲ ဘုရားကြီးထဲရောက်တာနဲ့ စိတ်အေးချမ်းတဲ့ ခံစားချက်ကို ရရှိမှာဖြစ်ပါတယ်။

ဦးပွကြီး (လယ်ဝေးမြို့နယ်)

ဒီနေ့မှာ မာရဝိဇယဘုရားကြီးကို ဖူးမြော်လို့ရပြီဆိုလို့ ရွာသူရွာသားတွေနဲ့အတူ လာရောက်ဖူးမြော်ကြတာဖြစ်ပါတယ်။ ရုပ်မြင်သံကြားမှာ ခဏခဏတွေ့နေရတော့ ဘုရားကြီးကို ဖူးမြော်ချင်လွန်းလို့ချက်ချင်းပဲ လာခဲ့တာဖြစ်ပါတယ်။ အခုလို ဘုရားကြီးကို မျက်မြင်ဖူးမြော်လိုက်ရတော့ ရင်ထဲမှာ ဝမ်းသာပီတိတွေဖြစ်နေတာ အမှန်ပါပဲ။ ဘုရားကြီးကို တည်ထားပူဇော်ပေး တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဘုရားကြီးကို ဖူးမြော်ရတာ စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်လို့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေကိုလည်း လာရောက်ဖူးမြော်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

ဦးကျော်ထူး (ပျဉ်းမနားမြို့)

ဒီနေ့ ကျွန်တော်တို့မိသားစု မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ကြတာဖြစ်ပါတယ်။ မထင်ထားလောက်အောင်ကို ဘုရားကြီးကသပ္ပာယ်ကြည်ညိုစရာ ကောင်းလှပါတယ်။ နောက်ပြီး စကျင်ကျောက်တွေနဲ့ ထုဆစ်ထားတဲ့အတွက် ထူးခြားတဲ့ဘုရား တစ်ဆူလည်းဖြစ်ပါတယ်။ ဘုရား စောင်းတန်းတွေကိုလည်း စကျင်ကျောက်တွေနဲ့ပဲ ဆောက်လုပ်ထားတယ်လို့သိရပါတယ်။ ဘုရားကြီးဖူးမြော်ပြီးရင် စောင်းတန်းတွေထဲမှာရှိတဲ့ ဇာတ်နိပါတ်တော် တွေနဲ့ ၂၄ ပစ္စည်း ပဋ္ဌာန်းဒေသနာ တော်တွေကို ဆက်လက်လေ့လာ ကြည်ညိုနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ကျောက်စာရုံစေတီတော် မှာလည်း ပိဋကတ်သုံးပုံကျမ်းစာတွေ ရေးထိုးပူဇော်ထားတာကို သိရှိရတဲ့အတွက် သွားရောက်လေ့လာမှာပါ။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကုသိုလ်ရှင်တွေလည်း ဘုရားကြီးကို လာရောက်ဖူးမြော်ပြီး လှူနိုင်တန်းနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

ဦးသန်းမြင့် (ပျဉ်းမနားမြို့)

ကျွန်တော် မျက်စိခွဲထားတာ မကြာသေးပါဘူး။ ရေတောင်ထိလို့ မရသေးပါဘူး။ ဒါပေမယ့် ဘုရားကြီးကို အင်မတန်ဖူးမြော်ချင်လွန်းလို့ မိုးရွာနေတာတောင် မရောက်ရောက်အောင် မိသားစုနဲ့အတူ လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ ကျွန်တော့်ဘဝမှာ စကျင်ကျောက်နဲ့ထုဆစ်ထားတဲ့ အကြီးမားဆုံးဘုရားကို ပထမဆုံးဖူးမြော်ခွင့်ရတာဖြစ်ပါတယ်။ အင်မတန်ကြည်ညိုသပ္ပာယ်ဖွယ် ကောင်းပါတယ်။ အရင်က ရုပ်မြင်သံကြားနဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပဲ ဖူးမြော်နေခဲ့ရတာပါ။ အခုလိုမျက်မြင်ကိုယ်တွေ့ ဖူးမြော်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ဘုရားကြီး ပတ်လည်က စောင်းတန်းထဲမှာရှိတဲ့ ဗိသုကာလက်ရာတွေကလည်း ကျွန်တော့်အတွက်တော့ အံ့မခန်းပါပဲ။ ရပ်ဝေးက ပြည်သူ တွေကိုလည်း လာရောက်ဖူးမြော်ရင်း ကုသိုလ်ယူကြပါလို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။

တွေ့ဆုံမေးမြန်း - အောင်သန့်

ဓာတ်ပုံ - ဖိုးပြည့်စုံ