နေပြည်တော် ဩဂုတ် ၈
အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၃၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာခင်နိုင်ဦးက အစိုးရဌာန အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများအနေဖြင့် အခြေခံစာရင်းပညာကို နားလည်တတ်ကျွမ်းပြီး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရုံးလုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင် ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် လုပ်ငန်းခွင်၌ အသုံးဝင်မည့် ဘဏ္ဍာရန်ပုံ ငွေနှင့် ငွေကြေးဆောင်ရွက်မှု၊ စာရင်းပြုစုထိန်းသိမ်းမှု၊ ဝန်ထမ်းနှင့် ရုံးလုပ်ငန်းဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချခဲ့ပါကြောင်း၊ မိမိအရည်အချင်း ပိုမိုတိုးတက်စေရေးအတွက် ယခုသင်ကြားခဲ့သည့် အခြေခံမှစ၍ ဆက်လက်လေ့လာ ဆည်းပူးမှုများကို ကိုယ်တိုင်ပျိုးထောင်၍ နိုင်ငံနှင့်ဌာနအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်၌ ဝန်ကြီးဌာနအဖွဲ့အစည်း ၄၂ ခုမှ ၃၃၆ ဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ၁၂၂ ဦး၊ ပုဇွန်တောင်မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သင်တန်းကျောင်း၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁၁၇ ဦး စုစုပေါင်း သင်တန်းသား ၅၇၅ ဦး တက်ရောက်သည်။
သင်တန်းဆင်းပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမမှလည်းကောင်း၊ တိုက်ကြီးမြို့နယ်ရှိ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းနှင့် ပုဇွန်တောင်မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သင်တန်းကျောင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက အွန်လိုင်းဖြင့်လည်းကောင်း တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်