Skip to main content

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

နေပြည်တော် ဩဂုတ် ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ဩဂုတ် ၇ ရက်တွင်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ ဗန္ဓုလခန်းမ၌ ပြုလုပ်ရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ပူတာအို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ နယ်မြေခံတပ်မှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ကချင်ပြည်နယ်၊ ပူတာအိုမြို့နှင့် နောင်မွန်မြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၅ ဦးတို့ကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးပြီး ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။