Skip to main content

MPT ဆင်းကတ်သက်တမ်း (SIM Lifecycle) အကြောင်းကို သုံးစွဲသူများသိရှိစေရန် သတင်း ထုတ်ပြန်

ရန်ကုန် ဇန်နဝါရီ ၁၂

MPT ဆင်းကတ်များကို သုံးစွဲသူများအနေဖြင့် ဆင်းကတ်တစ်ခု၏ လည်ပတ်မှုဖြစ်စဉ်နှင့် သက်တမ်းတို့ကို သိရှိနားလည်စေရန် ဆင်းကတ်သက်တမ်း (SIM Lifecycle) အကြောင်းကို MPT က ဇန်နဝါရီ ၉ ရက်တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

MPT ဆင်းကတ်များကို မှတ်ပုံတင်ဝယ်ယူပြီး‌နောက် သုံးစွဲသူများသည် ရက်ပေါင်း ၁၈၀ အတွင်း ပထမဆုံး အကြိမ် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ USSD အသုံး ပြုခြင်း သို့မဟုတ် ဖုန်းငွေဖြည့်ခြင်းစသည့် လုပ်ဆောင်ချက် တစ်ခုခုကို ပြုလုပ်၍ ဆင်းကတ်ကို Activate ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ရက်ပေါင်း ၁၈၀ အတွင်း ဤသို့ လုပ်ဆောင်ခြင်းမရှိခဲ့ပါက ဆင်းကတ်သည် အထွက်ဖုန်းခေါ်ဆို ခြင်းနှင့် အဝင်ဖုန်းလက်ခံခြင်းတို့ကို လုံးဝလုပ်မရနိုင်သည့် အနေအထား (Cooling Stage)သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

Activate ပြုလုပ်ပြီးလျှင် ဆင်းကတ်သည် ၃၆၅ ရက် သက်တမ်းရှိသည့် သက်ဝင်မှုအနေအထားသို့ ရောက်ရှိသွားမည်ဖြစ်သော်လည်း သုံးစွဲသူများအနေဖြင့် ဆင်းကတ်ကို အသက်ဝင်မှုရှိနေစေရေးအတွက် ရက်ပေါင်း ၆၀ အတွင်း ဖုန်းငွေဖြည့်သွင်းမှုတစ်ကြိမ် ပြုလုပ်ရန် လိုအပ်ပြီး မလုပ်ခဲ့ပါက အဆိုပါ ဆင်းကတ်သည် အဝင်ဖုန်းခေါ်ဆိုမှုကိုသာ လက်ခံနိုင်သည့် အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း၊ အထွက်ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းဒေတာနှင့် အခြားသော အခပေးဝန်ဆောင်မှုများကို သုံးစွဲနိုင်တော့မည်မဟုတ်ကြောင်း သိရသည်။

အဝင်ဖုန်းလက်ခံခြင်းသာ ပြုလုပ်နိုင်သည့် အနေအထားသို့ ရောက်နေသည့် ဆင်းကတ်တစ်ခုကို ရက်ပေါင်း ၃၀ ကာလအတွင်း ဖုန်းငွေဖြည့်သွင်းခြင်းဖြင့် ပြန်လည် အသက်ဝင်စေနိုင်မည်ဖြစ်ပြီး အကယ်၍ အဆိုပါကာလအတွင်း ဖုန်းငွေဖြည့်သွင်းခြင်း မပြုလုပ်ခဲ့ပါက အဝင်ဖုန်း လက်ခံခြင်းကိုပါ မလုပ်နိုင်တော့သည့် အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်သည်။

ဤအနေအထားသို့ ရောက်ရှိနေသည့် ဆင်းကတ်တစ်ခုကို နောက်ထပ် ရက်ပေါင်း ၆၀ အတွင်း၌ ဖုန်းငွေဖြည့်သွင်းခြင်းဖြင့် ဆက်လက်အသုံးပြုသွားနိုင်ရန် သုံးစွဲသူများအနေဖြင့် e-load ကို အသုံးပြု၍ ငွေဖြည့်ခြင်း (သို့မဟုတ်) အခြားတစ်ယောက်အား ဖုန်းနံပါတ်သို့ ငွေဖြည့်သွင်းပေးစေခြင်းဖြင့် ပြန်လည်အသက်သွင်းနိုင်မည်ဖြစ်သည်။ သတ်မှတ်ရက် ၆၀ အတွင်း ဖုန်းငွေမဖြည့်လျှင် မူ ဆင်းကတ်သည် အသုံးပြု၍မရနိုင်တော့သည့် (Cooling Stage)သို့ ရောက်ရှိသွားမည်ဖြစ်သည်။

Cooling Stage သို့ရောက်ရှိနေသည့် ဆင်းကတ်ကို ပြန်လည်ရယူလိုသည့် သုံးစွဲသူများအနေဖြင့် နီးစပ်ရာ MPT အမှတ်တံဆိပ် အရောင်းဆိုင်များသို့ သွားရောက်ပြီး မှသာ ဆင်းကတ်အသုံးပြုခွင့် ပြန်လည်လျှောက်ထားခြင်း နှင့် ဖုန်းငွေဖြည့်သွင်းခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်း၊ နောက်ဆုံး သတ်မှတ်ထားသော စည်းမျဉ်းများအရ လုံးဝ အသုံးမပြုနိုင်သည့် အနေအထား(Cooling Stage)သို့ ရောက်ရှိနေသည့် ဆင်းကတ်တိုင်းကို နောက်ထပ် ရက်ပေါင်း ၆၀ ကျော်ပြီးပါက အော်ပရေတာက Recycle အဖြစ် သတ်မှတ်ကာ အခြားသုံးစွဲသူတစ်ဦးထံ ပြန်လည်ရောင်းချ ပေးနိုင်ကြောင်း သိရသည်။

MPT ၏ pre-paid စနစ်ကို အသုံးပြုနေသည့် သုံးစွဲသူ များအနေဖြင့် *124# ကို ခေါ်ဆိုခြင်း (သို့မဟုတ်) 1331 သို့ "BAL"ဟု စာတို(SMS)ပေးပို့ခြင်းဖြင့် မိမိ၏ ဆင်းကတ် သက်တမ်းကို စစ်ဆေးနိုင်ကြောင်း၊ ငွေတစ်ကြိမ်ဖြည့်ပြီး တိုင်း ဆင်းကတ်သက်တမ်းသည် ငွေဖြည့်သည့်ရက်မှစ၍ တစ်နှစ် သက်တမ်းတိုးမည်ဖြစ်ကြောင်း၊ ဆင်းကတ် သက်တမ်းနှင့် သက်ဆိုင်သည့် အသေးစိတ် အချက်အလက်များကို MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ပေါ်တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်းကတ်သက်တမ်းသည် MPT ၏ post-paid စနစ်သုံး ဆင်းကတ်များနှင့် မသက်ဆိုင် ကြောင်း MPT မှ ထုတ်ပြန်ချက်အရ သိရသည်။

သူရဖြိုး