Skip to main content

လိုက်နာသင့်သည့် အသေးစား ငွေရေးကြေးရေး ဥပ​ဒေ

ဇွန်လ ၁၄ ရက်​နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ၌ စာရေးသူ ရေးသားဖော်ပြခဲ့ သည့် “Online အန္တရာယ် သတိပြုဖွယ်” ဆောင်းပါးတွင် ဖော်ပြခဲ့သည့် Application (၃၅) ခုအနက် Mother Fanince Application မှာ တရားဝင်မှတ်ပုံတင် ထားသည့် လိုင်စင်ရကုမ္ပဏီတစ်ခုဖြစ်ကြောင်း ကုမ္ပဏီက စာရေးသူထံအသိပေး အ​ကြောင်းကြားလာခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့ အစည်း မှတ်ပုံတင်အမှတ် NBFI/ FC (R)-11/08/2016 ၏ မိတ္တူမှန်အား ပေးပို့လာခဲ့ပါသည်။ ထိုသို့သော တရား ဝင်မှတ်ပုံတင် ထားသည့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများလည်း ရှိနေနိုင်ပါသည်။

စာရွက်စာတမ်းအ​ထောက်အထားများအရ Mother Fanince ကုမ္ပဏီ သည် တရားဝင်မှတ် ပုံတင်ထား​သော ကုမ္ပဏီ ဖြစ်ပါ​ကြောင်းနှင့် စာ​ရေးသူ၏ ဆောင်းပါးတွင် အဆိုပါကုမ္ပဏီ၏ Logo အမှတ် တံဆိပ်ကို လိမ်လည်သည့် ​ချေးငွေစာရင်းတွင် ​ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ စာ​ရေးသူက တောင်းပန်အပ်ပါသည်။ ထို့ပြင် လိမ်လည်သည့် ​ချေး​ငွေ Application စာရင်းမှ ပယ်ဖျက်ပါ​ကြောင်း ကုမ္ပဏီ တာဝန်ရှိသူများနှင့် စာဖတ်ပရိသတ်အား ပြင်ဆင်အသိ​ပေးအပ်ပါသည်။ အွန်လိုင်း မှ လိမ်လည်မှုများကို အများပြည်သူထံ အသိပညာ​ပေးချင်​သည့်အတွက် အဆင့်ဆင့် စိစစ်ထုတ်နုတ်​ရေးသားခဲ့ရာ ယခုကဲ့သို့ မှန်ကန်စွာ လုပ်ကိုင် နေသော Mother Fanince ကုမ္ပဏီ၏ Logo အမှတ်တံဆိပ် မှားယွင်းပါရှိသွားသည့် အတွက်၊ အမည်နာမဂုဏ်သတင်း ညှိုးနွမ်းထိခိုက်မှု၊ အကျိုးစီးပွားထိခိုက် ဆုံးရှုံးနစ်နာမှုတို့အတွက် စာ​ရေးသူက အ​လေးအနက် ​တောင်းပန်အပ်ပါ​ကြောင်း အသိ​ပေး​ဖော်ပြအပ်ပါသည်။

အလျဉ်းသင့်၍ အသေးစားငွေရေး ကြေးရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများ သိရှိနိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အသေးစားငွေရေးကြေးရေး ဥပဒေပါ သတိပြုသင့်သည့် အဓိကအချက်များကို အကျဉ်းချုပ်ဖော်ပြလိုပါသည်။ အသေးစားငွေ ရေးကြေးရေး ဥပဒေကို ၁၃၇၃ ခုနှစ်၊ နတ်တော်လဆန်း (၅)ရက် (၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်)တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။ ဤဥပဒေ၏ အဓိက ရည်ရွယ်ချက်မှာ အခြေခံလူတန်းစား၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရန်၊ အခြေခံ လူတန်းစား၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးအခြေအနေများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ အိမ်တွင်းစီးပွားရေးလုပ်ငန်းများ ဖန်တီး ပေးရန်နှင့် ချဲ့ထွင်ပေးရန်၊ အခြေခံ လူတန်းစားအား စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းအပြင် အခြားဝင်ငွေရရှိနိုင်သော နည်းလမ်းများဖြင့် အကူအညီပေးရန်တို့ ဖြစ်ပါသည်။

အသေးစားငွေရေးကြေးရေးလုပ်ငန်း ကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြား သတ်မှတ် ထားရှိပါသည်။ ၎င်းတို့မှာ -

(က)    အပ်ငွေလက်ခံခြင်းမပြုသည့် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း၊

(ခ) အပ်ငွေလက်ခံသည့် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း။

အသေးစားငွေရေးကြေးရေး ဆောင်ရွက်လိုသော အဖွဲ့အစည်းများသည် ထည့်ဝင်ပြီး မတည် ငွေရင်းကို ငွေသားဖြင့် ပေးသွင်းရပါမည်။ ထည့်ဝင်သည့် မတည်ငွေရင်း အပြည့်အဝကို သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်နှင့် နေပြည်တော်အတွင်း သတ်မှတ်ထား သော မြန်မာ့စီးပွားရေးဘဏ်ရှိ မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေး လုပ်ငန်း၏ ငွေစာရင်းသို့ ပေးသွင်းရပါမည်။ အဆိုပါ ထည့်ဝင်ပြီး မတည်ငွေရင်းကို ကြီးကြပ်မှု ကော်မတီက လုပ်ငန်းလိုင်စင်ထုတ်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပြီးမှသာ ပြန်လည် ထုတ်ယူခွင့်ရှိသည်။ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကြေးကို မြန်မာ့စီးပွားရေးဘဏ်ရှိ မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးလုပ်ငန်း၏ ငွေစာရင်းသို့ ပေးသွင်းရမည်။ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်းပြုသည့်အခါ မြန်မာနိုင်ငံ ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်း တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်း အသေးစားချေးငွေ ထုတ်ပေးရာတွင် အောက်ပါတရားဝင် စာရွက်စာတမ်းများကို ရယူထားရမည် -

(က)    ချေးငွေလျှောက်လွှာနှင့် ချေး ငွေကို မည်သို့အသုံးပြုမည်ဖြစ်ကြောင်း တင်ပြချက်၊

(ခ) အသေးစား ငွေရေးကြေးရေး လုပ်ငန်းအတွက် အခြေခံအထောက်အကူ ပြုမည့် ငွေချေး ယူသူနှင့် အာမခံပုဂ္ဂိုလ် များ၏ ကတိဝန်ခံချက်မှတ်တမ်းများ၊

(ဂ) အသေးစားချေးငွေ ရယူမည့် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် သဘော တူညီချက်နှင့် စုပေါင်းဆုံးဖြတ်ရသည့် ကိစ္စဖြစ်ပါက အဆိုပါကိစ္စအား သဘောတူညီသည့် ဆုံးဖြတ်ချက် မှတ်တမ်း။

၎င်းအပြင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် အပ်ငွေများ၊ ချေးငွေများနှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များကိုလည်းကောင်း၊ အတိုးနှုန်းနှင့် တွက်ချက်ပုံများကို လည်းကောင်း ဆက်သွယ်သူများ သိရှိစေရန် ကြီးကြပ်မှု ကော်မတီက သတ်မှတ်သည့် အချိန် အပိုင်းအခြားနှင့် အသုံးပြုရမည့် ပုံစံများ နှင့်အညီ အချိန်မှန်ထုတ်ပြန်ကြော်ငြာရ မည်။

အဓိက အရေးကြီးသော သတိပြုရန် အချက်မှာ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းသည် မိမိအဖွဲ့အစည်း အတွက်လည်းကောင်း၊ အခြားပုဂ္ဂိုလ် အတွက်လည်းကောင်း မမျှတသည့် အခွင့်အလမ်းရရှိစေမည့် မမှန်ကန်သော လုပ်ဆောင်မှုများကို ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြထားပါသည်။ ထို့အပြင် တားမြစ်ချက်အနေဖြင့် မည်သူမျှလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲအသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းများကို လုပ်ကိုင်ခြင်း မပြုရဟု တားမြစ်ပါရှိပါသည်။

သို့ပါ၍ အသေးစားငွေရေးကြေးရေး လုပ်ငန်း လုပ်ကိုင်မည့်အဖွဲ့အစည်းများ အနေဖြင့် အသေး စားငွေရေးကြေးရေး ဥပဒေပါအရေးကြီးသော အချက်များအား သတိပြုဆောင် ရွက်နိုင်ကြစေရန် ဖော်ပြအပ်ပါသည်။