နေပြည်တော် သြဂုတ် ၆
လယ်ယာထွက်သီးနှံအကြွင်းအကျန်များ၊ စားဖိုဆောင်စွန့်ပစ်ပစ္စည်းများမှ စီးပွားဖြစ်သဘာဝမြေသြဇာ ပြုလုပ်ခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ တပ်ကုန်း၊ လယ်ဝေး၊ ပျဉ်းမနားနှင့် ဇမ္ဗူသီရိမြို့နယ်များမှ တောင်သူများ တက်ရောက်ကြသည်။
အခမ်းအနား၌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဝန်ကြီးဌာနနှင့် တောင်သူများ ပူးပေါင်းကာ သုတေသနများ လုပ်ဆောင်၍ သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲ နိုင်ရေး ဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ အလားတူ စားဖိုဆောင်မှ ထွက်ရှိသော ဆွေးမြည့်နိုင်သည့် အကြွင်းအကျန် အမှိုက်များကိုလည်း သဘာဝမြေဆွေး (Com-post) ပြုလုပ်၍ သုံးစွဲနေကြောင်း စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် လေမှုတ်စနစ်ပါရှိသော မြေဆွေး ပြုလုပ်နည်းပညာများကို အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များ အလွယ်တကူ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ သုတေသနပြု စမ်းသပ်ဆောင်ရွက်ထားရှိပါကြောင်း၊ ထိုသို့ဆောင် ရွက်ကြရာတွင် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ တောင်သူများ အချိတ်အဆက် မိမိဆောင်ရွက်ရန်နှင့် လက်လှမ်းတမီ သုတေသနပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် သက်ဆိုင်သူအားလုံးတို့က ညီညွတ်စွာပူးပေါင်း ဆောင် ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ရေအသုံးချသူများအဖွဲ့ (WUG) များ ဖွဲ့စည်း ပေးထားပြီးဖြစ်၍ ဌာနနှင့် တောင်သူများပူးပေါင်း၍ မိုးသီးနှံ အောင်ရေရရှိ၍ နွေသီးနှံစိုက်ပျိုး နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဖြေရှင်းကြရမည် ဖြစ်ကြောင်း၊ ရေအသုံးချသူများအဖွဲ့ (WUG) အစုအဖွဲ့များမှ ရေအသုံးချသူ များအသင်း (WUA) အဖြစ် တိုးချဲ့ ဖွဲ့စည်း၍ ရေသောက် ဒေသတစ်ခုချင်း၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်မြင်ရေး ပူးပေါင်းကြိုးပမ်းသွားကြရန် ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နိုင်ငံတကာတွင် လူထုအခြေပြုသဘာဝ မြေဆွေး ထုတ်လုပ်နေမှုနှင့် မြေဆွေးထုတ်လုပ်မှု နည်းစနစ် Video မှတ်တမ်းကိုပြသ၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီးများနှင့်အဖွဲ့သည် သုတေသနပြု ထုတ်လုပ်ထားရှိသော လေပေးစနစ်ဖြင့် ကောက်ရိုးများ၊ သစ်ရွက် စိမ်းများ၊ နွားချေးများအား သဘာဝမြေဆွေး ပြုလုပ်သည့် မြေဆွေး ထုတ်လုပ်မှုစနစ်ကို တောင်သူများနှင့်အတူ ကြည့်ရှု အားပေးကြသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ငလိုက်ဆည်ရေသောက်စနစ် ရေပေးမြောင်းတစ်လျှောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက် များကို ဆွေးနွေးမှာကြားသည်။
ငလိုက် ရေလှောင်တမံ ဆည်ရေသောက်စနစ်ရှိ လယ်မြေ ၈၉၈၄ ဧကကို အပြည့်အဝ စိုက်ပျိုးရေပေးဝေနိုင်ရေး လျာထားချက်အတိုင်း ပေးဝေလျက်ရှိပြီး ရေဝင်ရောက်မှု အခြေအနေ ပေါ်မူတည်၍ ကျန်ရှိဧကအားဖြည့်စွက် ရေပေးဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်