Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြင်းစီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံလမ်းညွှန်

ရန်ကုန် သြဂုတ် ၅

မြင်းစီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံလမ်းညွှန်ဆွေးနွေးသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏပတ္တမြားခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ ရန်ကုန်မြင်းစီးအသင်း ( YECC )ဥက္ကဋ္ဌနှင့် မြင်းစီးကလပ်အသီးသီးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး

ဦးစွာပြည်ထောင်စုဝန်ကြီးက အဖွဲ့ချုပ်များသည် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ဆောင်ရွက်ပေးနေခြင်းဖြစ်သည့်အတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ လုပ်ဖော်ကိုင်ဖက်များအဖြစ် ခံယူထားပါကြောင်း၊ စည်းလုံးညီညွတ်မှုအားဖြင့် ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် အားကစားနည်းပေါင်းစုံ၌ ကလပ်အသင်းများဖွဲ့စည်းရေးကို ဆောင်ရွက်လျက်ရှိပြီး အားကစားကလပ်များသည် အဖွဲ့ချုပ်များတွင်မှတ်ပုံတင်၍ မိမိဝါသနာပါသောအားကစားနည်း အောင်မြင်ရေးကို ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ချုပ်အကြံပေး၊ ရန်ကုန်မြင်းစီးအသင်း၊ (AAA)မြင်းစီးကလပ်၊ ကြည်သာအေးမြမြင်းစီးကလပ်၊ Gallop Myanmar မြင်းစီးကလပ်အသင်းနှင့် ရှမ်းပြည်နယ်မြင်းစီးအသင်းတို့မှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များက လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်လိုသော လုပ်ငန်းရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယနေ့တွေ့ဆုံပွဲ၌ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် မြင်းစီးကလပ်အသင်းများ တိုးပွားလာ ရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်ရေး၊ အဖွဲ့ချုပ်နှင့် ကလပ်အသင်းများ အပြန်အလှန် အမှီသဟဲပြု၍ အားကစားနည်းအောင်မြင်ရေးကို ပူးပေါင်းဆောင်ရွက်ပေးရေး၊ မြင်းစီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ဝင်းအတွင်းရှိ အမျိုးသား/အမျိုးသမီး လေးထပ်အိပ်ဆောင်တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မြန်မာ့အားကစားလက်ရွေးစင်ဟောင်း များအသင်းသို့သွားရောက်၍ အလှူငွေကျပ် ၁၀ သိန်းပေးအပ်ရာ ဥက္ကဋ္ဌဦးစိုးသိန်းက လက်ခံရယူသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဂေါက်သီးလေ့ကျင့်ရေးကွင်း တည်ဆောက်နေမှုနှင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်၌ မျိုးဆက်သစ်လူငယ်များ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

သတင်းစဉ်