Skip to main content

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

နေပြည်တော် သြဂုတ် ၄

၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၀၉ ခုနှစ်ကစတင်၍ ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုသိရှိ၍ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ရည်ရွယ်ပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအဖြစ် နှစ်စဉ်ဩဂုတ်လ၏ ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်များအဖြစ် သတ်မှတ်၍ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း။

နှစ်စဉ် ကမ္ဘာ့မိခင်နို့ စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်တွင် ဆောင်ပုဒ်တစ်ခုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ပေးရာတွင် ယခုနှစ်အတွက် ဆောင်ပုဒ်မှာ“Enabling breastfeeding: making a difference for working parents” “လုပ်ငန်းခွင်ဝင်မိခင်တို့ နို့ချိုတိုက်ကျွေးနိုင်စေဖို့ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်စို့”ဟူ၍ ဖြစ်ကြောင်း၊ မိခင်နို့သည် ကလေးအတွက် ပထမဆုံးနှင့် အကောင်းဆုံး အစာအာဟာရဖြစ်ပြီး မွေးစမှ ကလေးအသက် ခြောက်လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန်လိုအပ်ပြီး ခြောက်လပြည့်ပြီးနောက်တွင် အသက်အရွယ်အလိုက် သင့်တော်သည့် ဖြည့်စွက်စာနှင့်အတူ ကလေးအသက် နှစ်နှစ်အရွယ်အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးရန် လိုအပ်ကြောင်း။

အသက် ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးအတွက် အင်အားပြည့် ဗီတာမင်အေဆေးလုံးကို အသက်ခြောက်လမှ ငါးနှစ်အောက်ကလေးသူငယ်များနှင့် နို့တိုက်မိခင်များကို တိုက်ကျွေးခြင်း၊ အသက်နှစ်နှစ်အထက် ကလေးသူငယ်များအားလုံးကို သန်ချဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးအတွက် ကိုယ်ဝန်ဆောင်မိခင်များကို သံဓာတ်ဆေးပြားနှင့် ဗီတာမင်ဘီဝမ်းဆေးပြားများ တိုက်ကျွေးခြင်း၊ နို့တိုက်မိခင်များကို ဗီတာမင်ဘီဝမ်းဆေးပြားများ တိုက်ကျွေးခြင်းတို့ကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကာလတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းပြခန်းကို လှည့်လည်ကြည့်ရှုပြီး အသက်ငါးနှစ်အောက်ကလေးများကို အင်အားပြည့် ဗီတာမင်အေဆေးလုံး တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်