နေပြည်တော် ဩဂုတ် ၄
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၃-၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အတည်ပြုနိုင်ရေး ဆွေးနွေးမည်
ရှေးဦးစွာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယနေ့ညှိနှိုင်းအစည်းအဝေးတွင် ၂၀၂၃ - ၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း စက်ပစ္စည်းကြီးကြပ်မှု ကော်မတီသို့တင်ပြလာသော ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ စီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းကိစ္စရပ်များအပေါ် အဖွဲ့ဝင်များနှင့် စိစစ်အတည်ပြုနိုင်ရန်နှင့် “ငွေလုံးငွေရင်းအသုံးစရိတ်(စက်ပစ္စည်း) အတွက် ရန်ပုံငွေလျာထားခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း” ညွှန်ကြားချက်(မူကြမ်း)အပေါ် ကော်မတီအဖွဲ့ဝင်များက ပထမအကြိမ် ပြင်ဆင်ဖြည့်စွက်ချက်များကို ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်သည့်အတွက် အဖွဲ့ဝင်များနှင့် အတည်ပြုနိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း။
စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည် အစိုးရဌာနဆိုင်ရာများ၏ စက်ပစ္စည်းကဏ္ဍအတွက် ရန်ပုံငွေသုံးစွဲမှု၊ စက်ပစ္စည်းဝယ်ယူမှု၊ စက်ပစ္စည်းအသုံးပြုမှုများနှင့်စပ်လျဉ်းပြီး နိုင်ငံတော်အတွက် ကောင်းမွန်သည့် အထောက်အပံ့ဖြစ်စေရန် ကော်မတီ၏မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ စနစ်တကျ စိစစ်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ရင်းနှီးပွင့်လင်းစွာ အကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့မှ ရန်ပုံငွေလွှဲပြောင်းခြင်း၊ စီမံကိန်းတန်ဖိုးပြောင်းလဲခြင်းကိစ္စရပ်များ၊ “ငွေလုံးငွေရင်းအသုံးစရိတ်(စက်ပစ္စည်း)အတွက် ရန်ပုံငွေလျာထားခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်” (မူကြမ်း)အပေါ် ကော်မတီအဖွဲ့ဝင်များ၏ ပြင်ဆင်ချက်ကို စုစည်း၍ ဒုတိယအကြိမ် ပြင်ဆင်ရေးဆွဲ ပြီးစီးသည့် လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များကို အတည်ပြုနိုင်ရန် ကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအား ယာယီမှတ်ပုံတင် လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ MSME ဗဟိုကော်မတီအတွင်းရေးမှူး၊ SME လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ MSME ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော် MSME အသင်းမှတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို ယနေ့မှစတင်၍ ယာယီမှတ်ပုံတင် လက်မှတ်များထုတ်ပေးခြင်းဖြစ်ကြောင်း၊ ဥပဒေအား ပြန်လည်ရေးဆွဲပြီးပါက MSME ဥပဒေအရ လုပ်ငန်းအရွယ်အစား သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင် လက်မှတ်ကို ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်လက်မှတ်ကို MSME Webportal မှ တစ်ဆင့် Online Registration & e-Payment စနစ်ဖြင့် လျှောက်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး စတင်လျှောက်ထားနိုင်ပါက လုပ်ငန်းရှင်များသို့ သတင်းအချက်အလက် ပြန်လည်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ဥပဒေရေးဆွဲပြီးချိန်တွင် MSME လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြရန်လိုကြောင်း ပြောကြားသည်။
ယာယီမှတ်ပုံတင်လက်မှတ်များ ပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ လုပ်ငန်းရှင် ၂၂ ဦးကို ယာယီမှတ်ပုံတင် လက်မှတ်များပေးအပ်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်နေစဉ်ကာလအတွင်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ယာယီမှတ်ပုံတင်လက်မှတ်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၂ ရက်မှ စတင်၍ MSME Online Regis-tration စနစ်ဖြင့် SME Member Card အသစ် လျှောက်ထားသူများကို ယာယီမှတ်ပုံတင်လက်မှတ်တစ်ပါတည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်