နေပြည်တော် ဩဂုတ် ၄
နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝကောက်ခံရရှိ နိုင်ရေးအခွန်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့သည့် မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများ နှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြို့နယ်အခွန်ဦးစီးဌာနမှူးများအနေဖြင့် သင်တန်းတွင် ပို့ချပေးခဲ့သည့် အခွန်ဆိုင်ရာဘာသာရပ်များကို လေ့လာမှတ်သား၍ လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူပြီး အဓိကတာဝန်ဖြစ်သော နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ ပြည့်ပြည့်ဝဝကောက်ခံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အခွန်လျှော့ပေါ့ခွင့်၊ အခွန်သက်သာခွင့်ပြုခြင်းများနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ အထူးသတိပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခွန်အခြေတိုးချဲ့နိုင်ရန် ဖြစ်နိုင် ခြေဧရိယာများကို ရှာဖွေဖော်ထုတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အခွန်ထမ်းပြည်သူများက တာဝန်သိစွာပေးဆောင်သောအခွန်ငွေများကို နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိရှိခွဲဝေသုံးစွဲ ဆောင်ရွက်နေသည်ကို အခွန်ထမ်းပြည်သူများ သိရှိနားလည်လာအောင် အသိပညာပေးစည်းရုံး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရန်နှင့် ဌာန၏ ဂုဏ်သိက္ခာမြင့်မားလာရေးအတွက် အားလုံးက စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင် ရွက်ကြရန်လိုကြောင်း၊ ရှင်းလင်းလွယ်ကူသော အခွန်စနစ်များ ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့် ခေတ်မီသော အခွန်ဌာနတစ်ခုဖြစ်လာစေရန် ဦးတည်အကောင်အထည်ဖော် လျက်ရှိရာ ယင်းလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် သင်တန်းသား/သင်တန်းသူများအပါအဝင် အခွန်ဝန်ထမ်းများအားလုံး တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။
ရှစ်ပတ်ကြာဖွင့်လှစ်
သင်တန်းတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သောအခွန်ငွေများကို ကောက်ခံရာ၌ သတ်မှတ်ပြဋ္ဌာန်းထားသည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေ၊ တံဆိပ်ခေါင်းခွန်ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ဆက်စပ်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ အောင်ဘာလေသိန်းဆုခွန်နှင့် စပ်လျဉ်းသည့် ညွှန်ကြားလွှာများ၊ အခွန်ကောက်ခံမှုနှင့်စပ်လျဉ်းသည့် စီမံရေးရာ၊ ငွေစာရင်းနှင့် အခွန်စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အခွန်မူဝါဒနှင့် သုတေသနဆိုင်ရာကိစ္စရပ်များ၊ အခွန် ကောက်ခံမှုဆိုင်ရာ သတင်းအချက်အလက် ရှာဖွေစုဆောင်းခြင်းနှင့် နည်းပညာအသုံးပြု အခွန်ကောက်ခံသည့် စနစ်များကို ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သင်တန်းသား/သင် တန်းသူ ၈၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်