Skip to main content

မြစ်ကြီးနားမြို့၊ လားရှိုးမြို့၊ တန့်ယန်းမြို့နှင့် ကျိုက်မရောမြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အံတော်ရှင် တောင်တန်းသာသနာပြုကျောင်းတိုက်၌ ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာ တော် ၅၅ ပါးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းနှင့် ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် သံဃာတော်များအားနယ်မြေခံ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ အမှတ်(၁၁)ရပ်ကွက်ရှိ အောင်မင်္ဂလာနမ့်ဆန် ကျောင်းတိုက်နှင့် တန့်ယန်းမြို့ရှိ ဝဠုဝန်ပရိယတ္တိ စာသင်တိုက်တို့မှ သံဃာတော်၂၆၉ ပါး၊ သာသနာ့ နွယ်ဝင်သီလရှင် ၅ ပါးနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၈၀ တို့ကို အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က သတ်မှတ်နေရာများ၌ မျက်စိရောဂါ၊ သွားနှင့် ခံတွင်း ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ECG ၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် မွန်ပြည်နယ် ကျိုက်မရောမြို့ရှိ မြဆည်းဆာပရိယတ္တိစာသင်တိုက် ဘိုးဘွားများ ခိုလှုံရာရိပ်သာနှင့် မိဘမဲ့ဂေဟာရှိ ဘိုးဘွား ၃၉ ဦး၊ ကလေးငယ် ၁၉ ဦးနှင့် ကျောင်းသား ကိုးဦးတို့ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါစာသင်တိုက်၌ ခွဲစိတ်ကုသမှု ဆိုင်ရာ ရောဂါ၊ အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ ဆီးချို/သွေးချို စစ်ဆေးပေးခြင်းနှင့် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး သက်ဆိုင်ရာ ကျောင်းတိုက် ဆရာတော်များအား ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်