နေပြည်တော် ဇူလိုင် ၂၈
အာဆီယံ - တရုတ်ဗဟိုဌာန (ASEAN-China Centre-ACC) ၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် တရုတ်နိုင်ငံ ကွမ်းတုန်းပြည်နယ် ရှန်းကျန်းမြို့၌ ကျင်းပမည့် ၂၀၂၃ ခုနှစ် အာဆီယံ-တရုတ် မဟာပင်လယ် အော်ဒေသ (ကျူးဟိုင်း) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (2023 AESEN-China Greater Bay Area (Qiangai) Economic Cooperation Forum) သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာ သွားသည်။
တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ဘက်စုံမဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးစသည့် နယ်ပယ်များ၌ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ပြီး မဟာပင်လယ်အော်ဒေသ၏ အခန်းကဏ္ဍကို အလေးပေး ထည့်သွင်းဆွေးနွေးရန်ရည်ရွယ်ပြီး အာဆီယံ-တရုတ် ဗဟိုဌာနက အဆိုပါဖိုရမ်ကို ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြောင်း သတင်းရရှိသည်။
သတင်းစဉ်