နေပြည်တော် ဇူလိုင် ၂၆
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) (မူကြမ်း)ရေးဆွဲရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ရေးဆွဲရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) NSPAW Phase II ကို ရေးဆွဲနိုင်ရေးအတွက် ဦးဆောင်ကော်မတီနှင့်လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းယန္တရားများ (ပထမမူကြမ်း)နှင့်ပတ်သက်ပြီး လုပ်ငန်းအကောင်အထည်ဖော်မှုနှင့် ညွှန်းကိန်းများတွင် ကြုံတွေ့ရနိုင်ဖွယ်ရှိသော အခက်အခဲများကိုလည်း တင်ပြဆွေးနွေးပေးကြစေလို ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် NSPAW Phase II ရေးဆွဲနိုင်ရန် လိုအပ်သည့် အချက်အလက်များကို အကြံပြုဆွေးနွေးပေးကြရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် NSPAW Phase II အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်များတွင်လည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပေးကြရန် ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများ မူဘောင်(မူကြမ်း)ရေးဆွဲထားမှုအပေါ် ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်