Skip to main content

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ

တောင်ကြီး     ဩဂုတ်     ၁၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေး ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ပြည်နယ်အတွင်း နယ်မြေ ဒေသအားလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခများချုပ်ငြိမ်းစေရေး    ပြည်နယ် အတွင်း ဒေသများအကြားဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးအခြေခံကောင်းများ ရ ရှိစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝသယံဇာတ အရင်းအမြစ်များကို ရေရှည်ထိန်းသိမ်း ရေးနှင့် အကျိုးရှိဆုံးဖြစ်စေရေးအတွက် မျှတမှန်ကန်စွာ စိစစ်အသုံးပြုရေး၊ ပြည်နယ်အတွင်း စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်စေရေးစသည့် မူဝါဒများအပေါ် အခြေခံပြီး ပြည်နယ်အတွင်း စားနပ်ရိက္ခာဖူလုံပိုလျှံစေရေးနှင့် စိုက်ပျိုးရေးအခြေခံသော စက်မှုလုပ်ငန်းများ ဘက်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်နယ်အတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပြုနိုင်သည့် အခြေခံ အဆောက်အဦလုပ်ငန်းများ ဦးစားပေးဆောင်ရွက်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းမြင့်မားသော စီးပွားရေး လုပ်ငန်းများနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးကူညီရန်၊ ပြည်နယ်အတွင်း လူထုတစ်ရပ်လုံး ရရှိခံစားနိုင်မည့် လူမှုစီးပွား နယ်ပယ် အသီးသီး ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်ကို အခြေခံသော ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းဖြင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်စေရန်၊ ပြည်နယ်အတွင်း ပုဂ္ဂလိကကဏ္ဍတိုးတက်ရေးအတွက် နိုင်ငံသားတိုင်း မိမိလုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့် ရရှိစေရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်စေရန်တို့ဖြစ်ကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်မီးလင်းရေးကဏ္ဍ၊ လယ်ယာဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ ရှမ်းပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ စစ်ဘေးရှောင်စခန်းများအား ထောက်ပံ့ ပေးမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသွားပြီး၊ ၂၀၁၉-၂၀၂၀ စတုတ္ထတစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အချို့ကဏ္ဍများမှာ အားသာချက်များ တွေ့ရှိရမှာ ဖြစ်သလို အချို့ကဏ္ဍများတွင် အားနည်းချက် များကိုလည်း တွေ့ရှိရမှာဖြစ်ကြောင်း၊ စတုတ္ထနှစ် တစ်နှစ်တာကာလမှာ တွေ့ရှိရသည့် အားသာချက်၊ အားနည်းချက်များကို နမူနာယူပြီး ရှမ်းပြည်နယ် အစိုးရ အဖွဲ့၏ မူဝါဒနှင့်အညီ ရည်မှန်းချက်လုပ်ငန်းတာဝန်များကို အစိုးရ၊ လွှတ်တော်၊ လူမှုအဖွဲ့အစည်း၊ သတင်း မီဒီယာ၊ ပြည်သူများတို့နှင့်အတူ ရှမ်းပြည်နယ်ကြီး ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လက်တွဲကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ သတင်းမီဒီယာဌာနများဖြစ်သည့် ရွှေတြိဂံတိုင်း၊ ကမ္ဘောဇတိုင်း၊ The People Voice၊ DVB၊ Sky Net၊ Weekly Eleven၊ Cherry FM၊ သံလွင်သွေးချင်း၊ MRTV NRC၊ သျှမ်းသံတော်ဆင့်၊ 7 Day Daily၊ Right Way News၊ မဲခေါင်၊ One News၊ Myanmar Now၊ Eastern Review၊ Burma Na သတင်းမီဒီယာဌာနများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည့် မေးခွန်းများ မေးမြန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ပြန်လည်ဖြေကြားကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)