Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ အရှေ့တောင်အာရှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေး မူဝါဒဆိုင်ရာအာဆီယံပညာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲတက်ရောက်၊ အာဆီယံအဆင့်မြင့်ပညာရေးညီလာခံ Webinar တွင် အွန်လိုင်းမှ မိန့်ခွန်းပြောကြား

နေပြည်တော် ဇူလိုင် ၂၆

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့ရှိ St.Regis ဟိုတယ်သို့ရောက်ရှိခဲ့ပြီး အဆိုပါဟိုတယ်၌ပြုလုပ်သည့် အင်ဒိုနီးရှားနိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ သုတေသနနှင့်နည်းပညာဝန်ကြီး H.E.Mr. Nadiem Anwar Makarim က ကြိုဆိုဧည့်ခံသော Gala Dinnerသို့ တက်ရောက်ခဲ့သည်။

အဖွင့်မိန့်ခွန်းပြောကြား

ယနေ့နံနက်ပိုင်းတွင် အဆိုပါဟိုတယ်၌ အရှေ့တောင်အာရှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေးမူဝါဒဆိုင်ရာ အာဆီယံပညာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ အင်ဒိုနီးရှားနိုင်ငံပညာရေး၊ ယဉ်ကျေးမှု၊ သုတေသနနှင့် နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီး H.E.Mr. Nadiem Anwar Makarim က အဖွင့်မိန့်ခွန်းပြောကြားပြီး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် H.E. Mr. Ekkaphab Phantha-vong က အဖွင့်မိန့်ခွန်းကို video message ဖြင့် ပြောကြားသည်။

အနာဂတ်တွင် ကလေးတိုင်းလက်ခံရရှိနိုင်မည်

ယင်းနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများက သက်ဆိုင်ရာနိုင်ငံအလိုက် အရှေ့တောင်အာရှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေးမူဝါဒဆိုင်ရာများကို ဆွေးနွေးပြောကြားကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ပညာရေးသည် ကလေးငယ်များ၏ သိမြင်ခံစားမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးသဖြင့် အနာဂတ်ပညာသင်ယူတတ်မြောက်မှုကိုများစွာ အထောက်အကူပြုနိုင်ပါကြောင်း၊ သို့ဖြစ်၍ အာဆီယံ ဒေသတွင်းကွန်ရက်တစ်ခုတည်ထောင်ကာ အတွေ့အကြုံများ၊ အကြံဉာဏ်များဖလှယ်ရန် ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းကာ ၅ နှစ် မဟာဗျူဟာစီမံကိန်းများ ချမှတ်အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ရိုးညွှန်းတမ်းစိစစ်ရေး၊ ဆရာအရည်အသွေးမြင့်မားရေး၊ လက်ဦးဆရာမိဘများ၏ အခန်းကဏ္ဍမြှင့်တင်ရေး၊ လူမှုအသိုက်အဝန်း ပူးပေါင်းပါဝင်ရေးတို့ကို ဦးတည်ပံ့ပိုးလျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံအချင်းအချင်း အတွေ့အကြုံများ၊ အကြံဉာဏ်များဖလှယ်လျက် ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက အရည်အသွေးရှိသော ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ပညာရေးကို အနာဂတ်တွင် ကလေးတိုင်းလက်ခံရရှိ နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ပညာရေးဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်အတည်ပြုခဲ့ကြသည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲကို အရည်အသွေးရှိသော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ပညာရေး၏ အရေးပါမှုကို ပိုမိုသိရှိသတိပြုမိစေရန်၊ ဒေသတွင်းပြုပြင်ပြောင်းလဲရေး မူဝါဒများဆွေးနွေးရန်၊ ဒေသတွင်း အလေ့အကျင့်ကောင်းများဖလှယ်ရေးအတွက် ကွန်ရက်တစ်ခုတည်ထောင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့်ကျင်းပကာ အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် National Museum သို့ သွားရောက်လေ့လာခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ သုတေသနနှင့်နည်းပညာဝန်ကြီးဌာနက ဦးဆောင်ကျင်းပသော ၂၀၂၃ ခုနှစ် အာဆီယံအဆင့်မြင့်ပညာရေးညီလာခံ Webinar တွင် နည်းပညာအခြေပြုပင်လယ်ရေကြောင်း ကုန်သွယ်မှုကဏ္ဍ ၅ ဒသမ ၀ တွင် ပင်လယ်ရေကြောင်း လုပ်ငန်းနှင့် ပညာရေးချိတ်ဆက်မှု၌အစိုးရ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ တွင် အွန်လိုင်းမှ မိန့်ခွန်းပြောကြားသည်။

နည်းပညာ၊ သက်မွေးပညာရေးကို ပံ့ပိုးပေးနိုင်

ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကုန်သွယ်ရေး၏ ၉၀ ရာခိုင်နှုန်းခန့်ကို ပင်လယ်ရေကြောင်းမှ သယ်ယူပို့ဆောင်လျက်ရှိပါကြောင်း၊ ပင်လယ်ရေကြောင်း ပို့ဆောင်ရေးသည် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဖလှယ်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိပါကြောင်း၊ ပင်လယ်ရေကြောင်းလုပ်ငန်းနှင့် ပညာရေးချိတ်ဆက်မှု၌အစိုးရ၏ အခန်းကဏ္ဍမှာအရေးပါကြောင်း၊ အစိုးရအနေဖြင့် ပညာသင်ကျောင်းများနှင့် လုပ်ငန်းအကြားကွာဟမှုကို ဆက်စပ်ပေးနိုင်ခြင်း၊ ရန်ပုံငွေပံ့ပိုးပေးနိုင်ခြင်း၊ ပညာသင်ကျောင်းများနှင့်လုပ်ငန်းအကြား မိတ်ဖက်ဆက်ဆံရေးကို အားပေးနိုင်ခြင်း၊ မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများကို ချမှတ်ပေးနိုင်ခြင်း၊ ပညာသင်ကျောင်းများနှင့် လုပ်ငန်းများချိတ်ဆက်၍ သင်ရိုးညွှန်းတမ်းများ ရေးဆွဲစေနိုင်ခြင်းနှင့် နည်းပညာ၊ သက်မွေးပညာရေးကို တိုးတက်အောင် ပံ့ပိုးပေးနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း အသေးစိတ်ရှင်းလင်းခဲ့သည်။

အဆိုပါ Webinar သို့ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ စုစုပေါင်းဦးရေ ၈၀၀ ကျော် တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်