နေပြည်တော် ဇူလိုင် ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တဲဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရအုပ်ချုပ်ရေးမှူး Mr. Wei Gang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တဲဟုန်ပြည်နယ် မြို့တော်မန်စီနှင့် မန္တလေးခရီးစဉ်ကို Ruili Airline က တစ်ပတ်လေးကြိမ်ပြေးဆွဲမှု၊ မြန်မာအမျိုးသားလေကြောင်းက ရန်ကုန်- မန္တလေး- မန်စီ- မန္တလေး- ရန်ကုန်ခရီးစဉ်ကို တစ်ပတ်သုံးကြိမ် ပြေးဆွဲမှုများအပြင် အလားအလာရှိသောမြို့များသို့ ခရီးသည်နှင့် ကုန်တင်လေယာဉ်များ ပိုမိုတိုးချဲ့ပြေးဆွဲရေး၊ တရုတ်နိုင်ငံ၏အမြန် ရထားလမ်းကွန်ရက်သည် ၂၀၂၇ ခုနှစ်တွင် ရွှေလီမြို့အထိ တည်ဆောက်ပြီးစီးမည်ဖြစ်ရာ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးအတွက် မြန်မာနိုင်ငံ၏ ရထားလမ်းကွန်ရက်နှင့် ချိတ်ဆက်ရေး၊ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှုများ လွယ်ကူ ချောမွေ့စေရေးအတွက် နားလည်မှုစာချွန် လွှာလက်မှတ်ရေးထိုးရေးနှင့် တရုတ်နိုင်ငံထွက်ကုန်များကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ဖြတ်သန်းပို့ဆောင်ရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနအကြီးအကဲများ၊ တရုတ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်