Skip to main content

ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစား အသစ်ထုတ်ဝေခြင်း နှင့်စပ်လျဉ်း ၍ အများပြည်သူသိရှိစေရန် သတင်းမီဒီယာရှင်းလင်းပွဲပြုလုပ်

နေပြည်တော် ဇူလိုင် ၂၅

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားအသစ်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်မှ စတင်၍ ထုတ်ဝေသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အများပြည်သူ သိရှိစေရန် ရည်ရွယ်ပြုလုပ်သော သတင်းမီဒီယာ ရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ပြုလုပ်သည်။

ငွေကြေးဖောင်းပွမှုမဖြစ်နိုင်

အခမ်းအနားတွင် နှစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားအသစ် ထုတ်ဝေခြင်းနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ရခြင်းနှင့် ပတ်သက်၍မေးမြန်းရာတွင် “မာရဝိဇယ”ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ပြီး စီးမှုအထိမ်းအမှတ် နှင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် မွေးဖွားသန့်စင် သည့် ဆင်ဖြူတော်ရတနာ “ရဋ္ဌနန္ဒက” ၏ တစ်နှစ် မြောက် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေမှု အခြေအနေများ၊ နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ် များကို လဲလှယ်ထုတ်ပေးခြင်းကြောင့် ငွေကြေး ဖောင်းပွမှုကို ဖြစ်စေနိုင်မှု ရှိ/မရှိနှင့် ပတ်သက်၍ မေးမြန်းရာတွင် ငွေကြေးဖောင်း ပွမှုနှုန်းကို ထိန်းချုပ် နိုင်စေရန်အတွက် ဆောင်ရွက်လျက်ရှိသော မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ငွေကြေးမူဝါဒရှိမှု၊ အမျိုးသား ပြည်တွင်းထုတ်ကုန် GDP ရည်မှန်းချက်နှင့်အညီ ငွေကြေးစနစ် အတွင်း ထားရှိသင့်သော သီးသန့် ငွေကြေးပမာဏအား တွက်ချက်ပြီး သတ်မှတ် ပမာဏအတွင်း ရောက်ရှိစေရန်ဆောင်ရွက်သည့် ငွေကြေးမူဝါဒဘောင်ကို အဓိကထား ဆောင်ရွက် လျက်ရှိမှု၊ နှစ်သောင်းကျပ်တန် ငွေစက္ကူကို အမှတ်တရ အနေနှင့် အကန့်အသတ်ဖြင့်သာ ငွေစက္ကူ အဟောင်းအား အစားထိုးလဲလှယ်ပေးခြင်းဖြစ်၍ ယခုအထိမ်း အမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေ ခြင်းကြောင့် ငွေကြေးဖောင်းပွမှုမဖြစ်နိုင်မှုအခြေ အနေများ၊ နှစ်သောင်း ကျပ်တန် ငွေစက္ကူအား ထုတ်ဝေသွားမည့် နေ့ရက်နှင့် လဲလှယ်နိုင်မည့် နေ့ရက်များနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဆင်ဖြူ တော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူများအား အထိမ်းအမှတ်အဖြစ် ဇူလိုင် ၃၁ ရက်တွင် ထုတ်ဝေ ခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များရှိ ငွေလဲ ကောင်တာများတွင် ဇူလိုင် ၃၁ရက်မှစပြီး ရုံးဖွင့်ရက် များတွင် လာရောက်လဲလှယ်နိုင်မှုနှင့် ဟောင်းနွမ်း ငွေစက္ကူများ လာရောက်လဲလှယ်လိုသောလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုသာ အမှတ်တရသိမ်းဆည်း ထားနိုင်ရန် အများဆုံး သုံးရွက်ခန့်သာ ထည့်သွင်းလဲလှယ်ပေးသွားမည့်အခြေအနေများအား ရှင်းလင်း ဖြေကြားခဲ့ပြီး အခြားသောနိုင်ငံများ၌ အထိမ်းအမှတ် အဖြစ် ငွေကြေး ထုတ်ဝေခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်း တန် ငွေစက္ကူထုတ် ဝေခြင်းကို အကြောင်းပြု၍ ကုန်စည်ဈေးနှုန်းကစားကာ မဟုတ်မမှန်သော နည်းလမ်းဖြင့် အကျိုးအမြတ်ရယူခြင်းများ (Speculation and Manipulation) ဆောင်ရွက်မှုကို အရေးယူ ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ အများပြည်သူမှ ဗဟိုဘဏ်ငွေလဲ ကောင်တာများသို့ ဟောင်းနွမ်းငွေစက္ကူများ လာရောက် လဲလှယ်ရာတွင် လိုအပ်သည့် အထောက်အထားများ နှင့်သတ်မှတ်ချက်များနှင့်ပတ်သက်၍ လည်းကောင်း မေးမြန်းကြရာမြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က အသေးစိတ်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ၊ သတင်းဌာနများမှ သတင်းထောက်များ တက်ရောက်သတင်းရယူခဲ့ကြကြောင်းနှင့် မေးမြန်းဖြေကြားမှုအပြည့်အစုံကို နေ့စဉ် ထုတ်သတင်း စာများတွင် ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်