နေပြည်တော် ဇူလိုင် ၂၅
ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက် အရ ဇူလိုင် ၂၁ ရက်မှ ၂၅ ရက် အထိ ကမ္ဘောဒီးယားနိုင်ငံ (၇)ကြိမ်မြောက် အမျိုးသား လွှတ်တော်ရွေးကောက်ပွဲအား သွားရောက်လေ့လာသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ ၅ နာရီခွဲတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့အား ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြ သည့် ဦးသန်းထွန်း၊ ဦးအောင်စော ဝင်း၊ ဦးမြင့်သိန်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။
လေ့လာရေး ခရီးစဉ်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင် ဦးစိုးဦးတို့သည် ဇူလိုင် ၂၂ ရက်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာရွေးကောက်ပွဲ လေ့လာ သူများအား လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ဖနောင်ပင်မြို့နှင့် ကန်ဒယ်ပြည်နယ်တို့ရှိ ကန်ဒယ်ပြည်နယ် ဆရာအတတ် သင်ကျောင်း၊ ဘွန်ရာနီခရိုပါဟာ မူလတန်းကျောင်း၊ ဟွန်ဆန်ဆက်တဘောင်းမူလ တန်းကျောင်းတို့၌ ဖွင့်လှစ်ထားသည့်မဲရုံပြင်ဆင်နေမှုများကိုလည်းကောင်း၊ ဆိုသီရာရော့စ် အလယ်တန်းကျောင်းနှင့် 8 March မူကြိုကျောင်းတို့၌ မဲရုံဖွင့်လှစ်နေမှုများကို လည်းကောင်း၊ ကန်ဒယ်ပြည်နယ် ဆရာအတတ်သင်ကျောင်း၊ ဘတ်တုအထက်တန်း ကျောင်းနှင့် အက်နိုဝတ်ဖနောင် မူလတန်းကျောင်းတို့၌မဲပေးနေမှုအခြေ အနေများကို လည်းကောင်း သွားရောက်လေ့လာ ခဲ့သည်။
ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပပုံ၊ မဲရုံများဖွင့်လှစ်ထားရှိမှုနှင့် မဲပေးခြင်း၊ မဲရေတွက်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကမ္ဘောဒီးယားနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့များနှင့် ထင်ရှားသောနေရာများကို သွားရောက်လေ့လာခဲ့ကြောင်းနှင့် ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင် ၊ ရုရှားနှင့် တီမောလက်စ်တေ နိုင်ငံတို့မှ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်များမှ လေ့လာရေးအဖွဲ့များလည်း လာရောက် လေ့လာကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်