Skip to main content

စိတ်ချယုံကြည် ဖြောင့်မတ်မှန်ကန်မှုဖြင့်သာ

မြန်မာပြည်တွင် ကောလာဟလသတင်းစကားကြောင့် လူမှုဘဝနယ်ပယ်၌ ပုံမှန်အခြေအနေမှ သွေဖည်ကာ လှုပ်လှုပ်ရှားရှားအဖြစ်မျိုး မကြာခဏတွေ့ကြုံ ဖူးပါသည်။ အမှန်တကယ်ဖြစ်စဉ် တစ်ခုကိုအကြောင်းပြု၍ ကောလာဟလသဘော ဆောင်သည့် ချဲ့ကားသတင်းစကား များကြောင့် လူမှုစီးပွားဘဝနယ် ပယ်တွင် ဂယက်ရိုက်ခတ်မှု အနည်းအများအပေါ်မူတည်၍ ရလဒ်များကို ပြည်သူများခံစားကြရသည်။

မြန်မာနိုင်ငံတွင် ပြည်သူများကြား၌ ဖြစ်ပေါ်လာတတ်သည့် သေးသေးမွှားမွှားအကြောင်း ကိစ္စများမှအစ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်မှု၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်မှု၊ မုန်တိုင်းတိုက်ခတ်မှုစသည့် ကြီးကြီးမားမားအကြောင်း ကိစ္စများအထိ ထူးထူးခြားခြားဖြစ်ပေါ် လာတိုင်း ကောလာဟလသတင်း စကားများ ပြည်သူများကြားတွင် အလျင်အမြန် ပျံ့နှံ့ဖြစ် ပေါ်လာပြီး နောက်ဆက်တွဲအနေဖြင့် ကုန်စည်ဈေးနှုန်းမြင့်မားလာမှုအား ပြည်သူများကြုံ တွေ့ကြရ သည်ကို သတိမူမိကြ ဖို့လိုပါသည်။

လွန်ခဲ့သည့် ဇူလိုင် ၂၃ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ “နှစ်သောင်း ကျပ်တန်” ငွေစက္ကူအမျိုး အစားသစ်ကို ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ ထုတ်ဝေမည် ဟူသော ကြေညာချက် ထွက်ပေါ်လာသည်။ နံနက် ၈ နာရီတွင် ကြေညာချက်ထွက်ပြီး နာရီပိုင်းအတွင်း ကောလာဟလ သတင်းစကားများ ထွက်ပေါ်လာသည်။ ထိုနေ့ နေ့လယ်ပိုင်းတွင် ပြည်သူများကြား၌ အဆိုပါ ငွေစက္ကူများ မကြာမီပေါ်ထွက်လာပြီး နောက်ထပ်တန်ဖိုးမြင့် ငွေစက္ကူများ ထပ်မံထွက် ပေါ်လာမည်၊ ယခင်သုံးနေသည့် ငွေစက္ကူအဟောင်းများ ဖျက်သိမ်းခံရနိုင်သည်၊ မြန်မာငွေတန် ဖိုးကျပြီး ငွေကြေးဖောင်းပွမှုများဖြစ်ပေါ်လာမည်၊ အာဖရိကက ဘယ်နိုင်ငံ လိုဖြစ်မည် စသည်ဖြင့် ထင်မြင်ချက် ကောလာဟလသတင်းစကားများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာသည်။

တစ်ဆက်တည်းတွင် ဝေဖန်ချက်အမျိုးမျိုးနှင့် ကုန်ဈေးနှုန်းအခြေအနေများကို ပြည်တွင်း၊ ပြည်ပမီဒီယာများက ထုတ်လွှင့်ဖော်ပြလာကြသည်။ ပြည်ပြေး မီဒီယာများက ပြည်သူများ စိုးရိမ်ပူ ပန်မှုဖြစ်အောင် လုပ်ကြံသတင်းစကားများ၊ လေ့လာစောင့်ကြည့်သူ ပြောစကားဟု ဆိုသည့် ဝေဖန်ချက်များကို တွင်တွင် ဖော်ပြ လာကြသည်။ ထိုအချိန်တွင် ရွှေဈေးနှင့် ဒေါ်လာဈေးများ တက်ရိပ်ပြလာသည်။ တစ်ရက်အတွင်း ဒေါ်လာဈေး၊ ရွှေဈေး၊ အိမ်ခြံမြေ၊ မော်တော်ယာဉ် ဈေးနှုန်းများ တက်လာသည်။ ထို့အတူ ကုန်ဈေးနှုန်းများလည်း ဆွဲတင်ခြင်း ခံလိုက်ရသည်။ ထိုဖြစ်စဉ်ကို သေချာစွာလေ့လာဆင်ခြင် သုံးသပ်ကြည့်မည်ဆိုပါက အမှန်တရား နှင့်အဖြေကို တွေ့ရှိနိုင်မည်ဖြစ်သည်။

အမှန်တကယ်တွင် ကျပ်နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေမှုနှင့် ကုန်ဈေးနှုန်း တက်ခြင်းမှာ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပေ။ ငွေစက္ကူနှစ်သောင်းတန် ထုတ်ဝေမှုသည် ဈေးနှုန်းတက်ခြင်းနှင့် အကြောင်းဆက်စပ်မှုမရှိပေ။ နိုင်ငံရေးအရ အမြတ်ထုတ်လိုသူများနှင့် စီးပွားရေးအရ အမြတ်ထုတ် လိုသူများနှင့်သာ အကြောင်းဆက်စပ်မှုရှိသည်ကို သတိမူကြရမည်ဖြစ်သည်။ ငွေစက္ကူ သစ်ထုတ်ဝေခြင်း အကြောင်းရင်း အမှန်ကို သေချာစွာသိရှိရန် လိုအပ်ပါသည်။ ပြည်တွင်း၊ ပြည်ပအစဉ်အလာအရ အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေခြင်း၊ အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ဝေထားခြင်း၊ ဟောင်းနွမ်းငွေစက္ကူများနှင့် “တန်ဖိုးတူ” လဲလှယ်ပေးခြင်း၊ ကန့်သတ်ချက်ဖြင့် ငွေစက္ကူအဟောင်း/အသစ် လဲလှယ်ပေးခြင်းအတွက်သာ ဖြစ်သည်။

ထို့ကြောင့် ငွေစက္ကူအမျိုးအစားသစ် ကျပ်နှစ်သောင်းတန်ထုတ်ဝေခြင်းသည် ကုန်ဈေးနှုန်း တက်ခြင်း၊ ငွေကြေးဖောင်းပွခြင်းနှင့် သက်ဆိုင်ခြင်းမရှိသည်ကို သတိပြု မိရန်လိုအပ်ပါသည်။ ယင်းကို အကြောင်းပြု၍ နိုင်ငံရေးအရ၊ စီးပွားရေးအရအမြတ် ထုတ်ရန် ကြိုးပမ်းအားထုတ်လျှင်၊ ခိုင်မာသည့် အကြောင်းပြ ချက်မရှိဘဲဈေးနှုန်း တက်အောင်ကစားလျှင် ဥပဒေအရအရေး ယူခံရမည်သာဖြစ်သည်။ အစိုးရအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများ အကျိုးစီးပွားအတွက် ကောင်းမွန်သည့်စေတနာဖြင့် ဆောင်ရွက်ပေးနေသည်ကို သိရှိနားလည်ပြီး မဟုတ်မမှန်သော ပြောစကားများ၊ လုပ်ဆောင်ချက်များကို ရှောင်ရှားကြမည်ဆိုလျှင် တည်ငြိမ်ချောမွေ့သည့် လူမှု စီးပွားဘဝတွင် အားလုံးစိတ်ချလက်ချ လျှောက်လှမ်းနိုင်မည်ဖြစ်သည်။

နိုင်ငံပျက်စီးစေရန်အတွက် အချိန်ကိုက်ဆောင်ရွက်နေမှုများကို သတိပြုမိရန်လိုသည်။ စီးပွားရေးအရ၊ နိုင်ငံရေးအရ အချိန်ကိုက်ဆောင်ရွက်မှုများကို နိုင်ငံတော် အစိုးရအနေဖြင့် တုံ့ပြန်ဆောင် ရွက်နိုင်စွမ်းရှိသည်။ နိုင်ငံတော်အစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစား လိုက်နာဆောင်ရွက်နေသော အစိုးရဖြစ်သည်။ အခြေခံဥပဒေနှင့်အညီ စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ အာမခံချက်ပေးထားပြီးဖြစ်သည်။ တရားဝင်အသုံးပြုနေသည့် ငွေကြေးနှင့် စီးပွားရေးတို့ကို အာမခံချက်ပေးထားသည်။ သို့ဖြစ်ရာ ပြည်သူများအနေဖြင့် ကောလာဟလသတင်းစကားများကို မယုံစားဘဲ ငွေကြေးနှင့်ပတ်သက်၍ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါကြောင်း၊ ငွေကြေးနှင့် စီးပွားရေးမတည်ငြိမ်အောင် ဆောင်ရွက်မှုများကို သတိမူကြရန် လေးနက်စွာ အသိပေးရပါကြောင်းနှင့် ယုံကြည်စိတ်ချ ဖြောင့်မတ်မှန် ကန်မှုဖြင့်သာ လူမှုစီးပွား ဘဝများကို ကောင်းမွန်စွာ ဖြတ်သန်းကြရမည်ဖြစ်ပါကြောင်း။  ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)