Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ် တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၂၄

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက်တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးလူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အစိုးရရပ်ကွက်ရှိ လေယာဉ်ကွင်းသွားလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ၌ နယ်မြေခံတပ်နယ်မှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး အဆိုပါရပ်ကွက်ရှိ ထောင်ပိုင်ကွင်းဧရိယာ၌ မိုးစပါးစနစ်တကျစိုက်ပျိုးနိုင်ရေး ကွင်းသရုပ်ပြပွဲဆောင်ရွက်နေမှုနှင့် ကောက်စိုက်စက်ဖြင့် တောင်သူများစိုက်ပျိုးနိုင်ရေးအတွက် ပျိုးဗန်းများနှင့် ပျိုးထောင်ထားရှိမှုတို့ကို ကြည့်ရှုအားပေးကာ တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းသည့် တိုင်းရင်းဆေးမျိုးစုံအား ပေးဝေကြသည်။

အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စားသုံးသူရေးရာ ဦးစီးဌာနရှိ ဂိုဒေါင်သို့သွားရောက်ပြီး ထောက်ပံ့ပစ္စည်းများ စာရင်းဇယားများနှင့်ကိုက်ညီမှု ရှိ/မရှိ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် ဦးဥတ္တမခန်းမ၌ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ပွဲသို့တက်ရောက်ပြီး လေးဘေးသင့်ကျေးရွာအုပ်စု(၄၈)အုပ်စုမှ တာဝန်ရှိသူများအား ဆန်နှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ကာ MEC(မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတတ်)မှ ထုတ်လုပ်သည့် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား ပြည်သူလူထုထံဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနေမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။ ထို့ပြင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မေယုရတနာခန်းမ၌ အနောက်ရပ်ကွက်နှင့် မြို့မရပ်ကွက်နေ ပြည်သူများအား မြို့သန့်ရှင်းသာယာလှပရေး အသိပညာပေးဟောပြောဆောင်ရွက်ခြင်းနှင့် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောနေမှုများကို သွားရောက်ကြည့်ရှုပြီး အားပေးစကားများပြောကြားသည်။

ထို့အတူ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်နေဝင်းအောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရိက္ခာရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ဘဒ္ဒန္တဇောတိကထံမှ ငါးပါးသီလခံယူပြီး ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းကာ ကျောင်းဝန်းအတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ မိဘမဲ့ကျောင်းသားများအား ဗလာစာအုပ်များ ထောက်ပံ့လှူဒါန်းကြသည်။ ထို့ပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိကီမိုခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။