နေပြည်တော် ဇူလိုင်၂၄
နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေနှင့် ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေများသို့ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှတစ်ဆင့် တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့်တာဝန်ရှိသူများက လိုအပ်သည်များမှာကြားပြီး ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ရောက်ရှိလာသော အရာရှိ၊ စစ်သည်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာကြိုဆိုခဲ့ကြကာ ချောင်းသာအပန်းဖြေဧည့်ရိပ်သာတွင် တိုင်းမှူးကအမှာစကားပြောကြားပြီး ဒေသထွက်စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံကာ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
အလားတူ ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေသို့ ရောက်ရှိလာသော အရာရှိ၊ စစ်သည်များအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများက သံတွဲလေဆိပ်တွင် အိုးစည်ဒိုးပတ်များ၊ ခရုကမာပုတီးများ ဖြင့် နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် တိုင်းမှူးက ငပလီမြို့ရှိ အပန်းဖြေစခန်း(လင်းသာ)၌ အရာရှိ၊ စစ်သည်များအား အမှာစကားပြောကြား၍ လက်ဆောင်ပစ္စည်း၊ ထောက်ပံ့ငွေများပေးအပ်ပြီး ဒေသထွက်စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စကား ပြောကြားသည်။ ၎င်းနောက် ငပလီကမ်းခြေရှိသဲသောင်ပြင်၌ ဘောလုံးအားကစားပွဲများကို ပျော်ရွှင်စွာကစားကြပြီး တိုင်းမှူးနှင့်တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ သံတွဲမြို့နယ်၊ ငပလီကမ်းခြေသို့ အပန်းဖြေလာရောက်ကြသည့် အရာရှိ၊ စစ်သည်များသည် အပန်းဖြေခရီးစဉ်တွင် ရွှေနံတော်ဘုရား၊ ရွှေအံတော်ဘုရား၊ ရွှေဆံတော်ဘုရား၊ မဒေးတောင်ဘုရားများသို့ သွားရောက် ဖူးမြော်ကြမည်ဖြစ်ပြီး ပုလဲကျွန်း၊ ငပလီဈေးနှင့် မြပတ္တမြားဥယျာဉ်များသို့ (၅) ရက်ကြာ လေ့လာရေးခရီးစဉ်အဖြစ် အပန်းဖြေလည်ပတ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။