Skip to main content

တရုတ် - မြန်မာ လူငယ်ချစ်ကြည်ဆွေးနွေးဖလှယ်ပွဲ ယူနန်ပြည်နယ် မန်စီမြို့၌ ကျင်းပ

ရန်ကုန် ဇူလိုင် ၂၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ ကွန်မြူနစ်ပါတီလူငယ်အဖွဲ့ချုပ် (Dehong Youth Federation) ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံရှိ မြန်မာ- တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းကရွေးချယ်စေလွှတ်သော မြန်မာချစ်ကြည်ရေး လူငယ်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုက် ၁၉ ရက်မှ ၂၂ ရက်အထိ တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့၌ ကျင်းပသည့် “တရုတ်- မြန်မာ လူငယ်ချစ်ကြည်ဆွေးနွေးဖလှယ်ရေးလှုပ်ရှားမှု” အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားသို့ တယ်ဟုန်ပြည်နယ်ခွဲ ကွန်မြူနစ်ပါတီမှ အမြဲတမ်းပါတီဝင် ပြည်နယ်ခွဲပြည်သူ့အစိုးရ၊ ဒုတိယအုပ်ချုပ်ရေးမှူး Mr.Lin Ji နှင့်တာဝန်ရှိသူများ၊ တယ်ဟုန်ပြည်နယ်ခွဲ တရုတ်ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်အတွင်းရေးမှူး၊ တယ်ဟုန်ပြည်နယ်ခွဲ ညွန့်ပေါင်းလူငယ်ဥက္ကဋ္ဌ Ms.Chen Chunxiao၊ တယ်ဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရပြည်ပရေးရာဌာနမှတာဝန်ရှိသူများ၊ တယ်ဟုန်ပြည်နယ်ခွဲ လူငယ်အသင်းမှ တာဝန်ရှိသူများတက်ရောက်ပြီး မြန်မာချစ်ကြည်ရေးလူငယ်ကိုယ်စားလှယ် ၁၈ ဦး တက်ရောက်သည်။

ခရီးစဉ်အတွင်း နှစ်ဖက်လူငယ်များက လူငယ်များနှင့်အနာဂတ်အလားအလာများ၊ Belt and Road စီမံကိန်းနှင့်ရှေ့အလားအလာများ၊ တရုတ်နိုင်ငံ၏ ဆင်းရဲမှုပပျောက်ရေးဆောင်ရွက်ချက်နှင့် အောင်မြင်မှုများ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်မှုများ၊ကျောက်ဖြူဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ နှစ်နိုင်ငံပေါက်ဖော်ချစ်ခင်ရင်းနှီးမှုအတွက် လူငယ်များပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြသည်။ ခရီးစဉ်အတွင်း ရွှေလီမြို့ ကျယ်ခေါင်၊ ဝမ်တိန်နယ်စပ်ကုန်သွယ်ရေးဇုန်၊ မန်စီမြို့ ကျယ်ထောက်စံပြ ကျေးရွာ၊Hougou ကော်ဖီကုမ္ပဏီ၊ တယ်ဟုန်ပြည်နယ်ခွဲ အမျိုးသားပြတိုက်တို့ကို လေ့လာခဲ့ကြပြီး “နှစ်နိုင်ငံလူငယ်များအကြားချစ်ကြည်ရေး တည်ဆောက်ရန် သဘောထားကြေညာချက်” ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

အဆိုပါခရီးစဉ်တွင် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးရဲနိုင်စိုး ခေါင်းဆောင်ပြီးပါတီများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးကုမ္ပဏီများမှ ကိုယ်စား လှယ် ၁၈ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်