ရန်ကုန် ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ် ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေး ဂေါပကအဖွဲ့(ရန်ကုန်)၏ ၂၀၁၉ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးနှင့် ခေတ်အဆက်ဆက် ဂေါပကအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ကြသော ဂေါပကအဖွဲ့ဝင်များအား သတ္တမ အကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် အနီးရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ရွှေတိဂုံစေတီတော် ရခိုင်မောင်မယ် တံမြက်စည်းလှည်းအသင်းက ရခိုင်မင်္ဂလာ စည်တော်ရွမ်း၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစောသိန်း နှင့်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့က နှုတ်ခွန်းဆက်စကား ပြောကြား ကြသည်။
ဆက်လက်၍ ဂေါပကအဖွဲ့ဝင် ပြန်ကြားရေးမှူး ဦးအေးမောင်က ကန်တော့ခံ သက်ကြီး ဂေါပက အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးပြီး တက်ရောက်လာကြသူများက ကန်တော့ပစ္စည်းများဖြင့် ပူဇော် ကန်တော့ကြရာ သက်ကြီးကန်တော့ခံ ပုဂ္ဂိုလ်များကိုယ်စား ဦးဘရွှေက သြဝါဒစကား ပြောကြားသည်။
ထို့နောက် ဂေါပကအဖွဲ့ ဦးဆောင်နာယက ဦးတင်ညွန့်က ရခိုင်ပြည်နယ် ဓမ္မာရုံ ထိန်းသိမ်းစောင့် ရှောက်ရေးအတွက် ဒုတိယအကြိမ် ငွေကျပ် သိန်းတစ်ထောင် ပဒေသာပင် စိုက်ထူလှူဒါန်းရခြင်း အား ရှင်းလင်းပြောကြား၍ အလှူရှင်များ၏ လှူဒါန်းငွေများကို လက်ခံရယူသည်။
ယင်းနောက် နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပရာ သဘာပတိ ဂေါပကအဖွဲ့ ဦးဆောင်နာယက ဦးလှကျော်အောင်က သြဝါဒစကားပြောကြားပြီး ဥက္ကဋ္ဌ ဦးစောသိန်းက အမှာစကားပြောကြား၍ ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိန်တင်နှင့် အထွေထွေအတွင်းရေးမှူး ဦးဝင်းမောင်တို့က ၂၀၁၉ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာနှင့် ရငွေ၊ သုံးငွေစာရင်း အကျဉ်းချုပ်တို့ကို တင်ပြကာ အဖွဲ့၏အတည် ပြုချက်ကို ရယူသည်။
ဂေါပကအဖွဲ့ ဦးဆောင်နာယက ဦးလှကျော်အောင်က “သာသနာတော်ထွန်းကားဖို့ အတွက် နိုင်ငံတော်က ဆောင်ရွက်တဲ့နေရာမှာ ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့တွေ အနေနဲ့ တစ်ဖက် တစ်လမ်းက ပါဝင်ကူညီဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုအပ်ချက်ကို ရခိုင်ပြည်နယ် ဓမ္မာရုံ ဂေါပကအဖွဲ့အနေနဲ့ တစ်ဖက်တစ်လမ်းက ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
“ခေတ်အဆက်ဆက်က ဓမ္မာရုံဂေါပကအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၇၅ နှစ် နှင့်အ ထက် ဂေါပကအဖွဲ့ဝင်တွေကို အထူးဂုဏ်ပြုပြီး သက်ကြီးပူဇော်ပွဲ ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ သက်ကြီးပူဇော်ပွဲကို ဂေါပကအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးနဲ့အတူ တွဲပြီး ကျင်းပခြင်းဖြစ် ပါတယ်” ဟု ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစောသိန်းက ပြောသည်။
သတင်း - ရီရီမြင့်၊ ဓာတ်ပုံ - ဇော်မင်းလတ်