Skip to main content

စိုက်ပျိုးထုတ်လုပ်မှု မထိခိုက်စေဘဲ စိုက်ပျိုးရေချွေတာနိုင်မည့်မျိုးနှင့် နည်းပညာများ ပြောင်းလဲအသုံးပြုနိုင်ရေး ကြိုးပမ်း

နေပြည်တော် ဇူလိုင် ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ မြေပြန့်နှင့်တောင်ပေါ်ကုန်းမြင့် ယာစပါးမျိုးများ မျိုးမွေးမြူရွေးချယ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယာစပါးမျိုးများ မျိုးမွေးမြူရွေးချယ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့်ရာသီအလိုက် တိုးချဲ့ဆောင်ရွက်သွားမည့်သုတေ သနလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရာသီဥတုဖောက်ပြန်လာမှုကြောင့် စိုက်ပျိုးရေရှားပါးလာသဖြင့် တောင်သူအများစုက လယ်စပါးကို အခြောက်စိုက် ယာစပါးပုံစံ စိုက်ပျိုးလာကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့်တောင်သူများကို ပူးပေါင်းပါဝင်စေကာ မျိုးများရွေးချယ်၍ ရေခက်ခဲသည့် ဒေသများတွင် လယ်စပါးစိုက်ပျိုးမှုမှ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသည့် အထွက်ကောင်း ယာစပါးများ အစားထိုးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ကုန်းမြင့်ယာစပါးနှင့် မြေပြန့်ယာစပါးမျိုးများ၏ မျိုးဗီဇအလိုက် အထွက်နှုန်းနှင့်စားသုံးမှု အရည်အသွေး အားသာချက်များအပေါ်မူတည်၍ ဒေသအလိုက် မျိုးကောင်းမျိုးစေ့များ ထုတ်ပေးနိုင်ရေးအတွက် သုတေသနပညာရှင်များ ဝိုင်းဝန်းကြိုးပမ်းပေးကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

ရာသီဥတုသိသာစွာ ပြောင်းလဲလာမှုနှင့်အတူ ရာသီဥတုပူပြင်းလာခြင်း၊ မိုးရွာသွန်းမှုများ လျော့ကျလာခြင်းတို့ကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ထိခိုက်မှုမဖြစ်ပေါ်စေရေးအတွက် ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသည့် သီးနှံမျိုးနှင့်နည်းစနစ်များ ပြောင်းလဲအသုံးပြုရန် လိုအပ်လာမှုကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်