Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၂၂

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။ 

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စေတီယျရပ်ကွက်ရှိ စေတီယျတောင်၌ သာသနိကအဆောက်အဦများနှင့် ဘုရားစေတီများအနီးပတ်ဝန်းကျင်နေရာများအား နယ်မြေခံတပ်နယ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းထားသည့် တိုင်းရင်းဆေးမျိုးစုံ အား ပေးဝေခဲ့ကြသည်။

အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ မီးရထားဆိပ်ရပ်ကွက်ရှိ မြို့မနာရီစင်လမ်းတစ်လျှောက် လမ်းဘေး ဝဲ/ယာတို့၌ နယ်မြေခံတပ်နယ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ တက်ရောက်ကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ယင်းနောက် အမှတ်(၅)ရပ်ကွက်အတွင်းရှိ နေအိမ်များ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ တစ်အိမ်တက်ဆင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်နေမှုနှင့် မြို့ပေါ်ရပ်ကွက်များအလိုက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့အတူ ချင်းပြည်နယ်၊ မတူပီမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်မောင်အေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတူပီတောင်တန်း သာသနာပြုဗဟိုကျောင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ တက်ရောက်သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာများအား ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး ကျောင်းထိုင်ဆရာတော်အား ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

အလားတူ တီးတိန်မြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဝင်းကိုကိုသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ တက်ရောက်သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာများအား ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး ကျောင်းထိုင်ဆရာတော်အား ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့အတူ စစ်တွေမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမ၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန်နှင့် ပတ်သက်၍ ပြည်သူလူထုအား တွေ့ဆုံဆွေးနွေးပြီး သဘာဝဘေးအန္တရာယ် ထူထောင်ရေးအတွက် ထပ်မံခွဲဝေရရှိသော ဆန်အိတ်များအား ဒေသခံပြည်သူများအတွက် ထုတ်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အလားတူကျောက်တော်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပိုက်သည်ရပ်ကွက်ရှိ မြို့အဝင်လမ်း၌ဌာန ဆိုင်ရာဝန်ထမ်းများနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းက ကျောင်းသား၊ ကျောင်းသူများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်၊ ချမ်းမြေ့နဒီ စာကြည့်တိုက်နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းအတွက် သုတ၊ ရသ စာအုပ်/စာစောင်များအား ပေးအပ်ခဲ့သည်။

ထို့အတူ ရမ်းဗြဲမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဇော်မင်းအေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အမှတ်(၆)ရပ်ကွက်ရှိ မြို့တည်ဆုတောင်းပြည့် တန့်ရှင်ပင်စေတီတော် အနီးပတ်ဝန်းကျင်နေရာများအား နယ်မြေခံတပ်မှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။ ယင်းနောက် မြို့ပေါ် (၆)ရပ်ကွက်ရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များနှင့် ဈေးဆိုင်များ၌ မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတက်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။