Skip to main content

(၁၉)ကြိမ်မြောက်ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC အစည်းအဝေး ကျင်းပပြီးစီးမှုနှင့်စပ်လျဉ်း၍ မီဒီယာများအား ရှင်းလင်းပြောကြား

နေပြည်တော် ဩဂုတ် ၁၇

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ မွန်ပြည် သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေ စီအဖွဲ့ချုပ်ပါတီ(SNLD)မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး စိုင်းကျော်ညွန့်တို့သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ (၁၉)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ- UPDJC အစည်းအဝေး ကျင်းပပြီးစီးမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ (၁၉) ကြိမ်မြောက် UPDJC အစည်း အဝေးတွင် သဘောတူဆုံးဖြတ်ချက် (၉) ချက်နှင့်မှတ်တမ်း (၁) ချက် ရရှိပါ ကြောင်း၊ အထူးသဖြင့် ညီလာခံကျင်းပမည့် ရက်များ၊ ညီလာခံတက်ရောက်မည့် ကိုယ်စားလှယ်များ၊ UPDJC ၏လုပ်ထုံးလုပ်နည်းများအရ အဖွဲ့ဝင်များအား အစအဆုံး တာဝန်ပေးမှု အပြင် (၉)ကြိမ်မြောက် JICM ဆုံးဖြတ်ချက်များကို UPDJC တွင် မှတ်တမ်းတင်ခဲ့ပါ ကြောင်း၊ ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ၏ အပိုင်း(၁)၊ အပိုင်း (၂)၊ အပိုင်း (၃) တို့ကိုလည်း ညီလာခံသို့တင်သွင်းရေး ကိစ္စများကို ဆွေးနွေးခဲ့ ပါကြောင်း၊ ပြည်ထောင်စုသဘောတူစာချုပ်၏ အပိုင်း (၃) အပိုင်း (၁)တွင်ပါဝင်သည့် UPDJC နှင့် သက်ဆိုင်သည့်အပိုင်းတွင် နိုင်ငံရေးပါတီများက ဆောင်ရွက်မည့် အခန်းကဏ္ဍနှင့် ပတ်သက်၍လည်း သဘောတူညီချက်ရခဲ့ပါ ကြောင်း၊ ညီလာခံတွင် UPDJC နှင့် JMC အစီရင်ခံစာတင်သွင်းမည့် ကိစ္စများကို လည်း သဘောတူဆုံးဖြတ်ခဲ့ပါကြောင်း၊ ထို့ပြင် ညီလာခံတွင် တာဝန်ယူမည့် သဘာပတိ အဖွဲ့ဝင်များကိုလည်း အတည်ပြုနိုင်ပါကြောင်း၊ ညီလာခံနှင့်ပတ်သက်၍ လုပ်ငန်းတာဝန်ခွဲဝေမှုများအပြင် ညီလာခံတွင် ညီလာခံကိုယ်စား လှယ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကိုလည်း UPDJC က အတည်ပြုပေးခဲ့ ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေး က ယနေ့ကျင်းပသည့် UPDJC အစည်းအဝေးတွင် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ မည်သည့် အစီ အစဉ်များချမှတ်မည်၊ ပြည်ထောင်စုသဘောတူစာချုပ်တွင် မည်သည့်အချက်များကို ထည့်သွင်းချုပ်ဆိုသွားမည်ဆိုသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါကြောင်း၊   ထို့ပြင် UPDJC တွင် EAO အစုအဖွဲ့ကိုယ်စားလှယ်များ အစားထိုးပြောင်းလဲ တာဝန်ပေးမှု၊ ညီလာခံတွင် မည်သည့် အစီအစဉ်များ လုပ်ဆောင်မည်၊ မည်သည့် ပုံစံများဖြင့် လုပ်ဆောင် မည်ဆိုသည်ကို လုပ်ငန်းတာဝန်များ ခွဲဝေခဲ့ကြပါကြောင်း၊ ယခုအစည်းအဝေး တွင် ဆုံးဖြတ်ချက် (၉)ချက်နှင့် မှတ်တမ်း(၁)ချက် ရရှိခဲ့ပါ ကြောင်း ရှင်းလင်း ပြောကြား သည်။

ဆက်လက်၍ SNLD တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ယနေ့အစည်းအဝေးတွင် နိုင်ငံရေးပါတီအစုအဖွဲ့အနေဖြင့် ထူးထူးခြားခြားလုပ်ဆောင် ချက်တစ်ချက်ရှိပါကြောင်း၊ ယခုညီလာခံတွင် တင်သွင်းမည့် ပြည်ထောင်စု သဘောတူ စာချုပ်တွင် ပါဝင်မည့်သဘောတူညီချက်ကို NCA ရေးထုံးအရ နှစ်ဖက်ရေး သားရာတွင် နိုင်ငံရေးပါတီအစုအဖွဲ့ မပါသကဲ့သို့ ဖြစ်နေပါကြောင်း၊ ယင်းကိစ္စများ အတွက် JICM ပြန်လည်ခေါ်ဆိုမည် ဆိုပါကလည်း အချိန်ကာလအရ အဆင်မပြေ ပါကြောင်း၊ ပြည်ထောင်စုသဘောတူစာချုပ်တွင်ပါမည့် နှစ်ဖက်စကားရပ်များသည် နောက်ပိုင်းတွင် ပုံစံတစ်မျိုးဖြစ်လာနိုင်ပါကြောင်း၊ လောလောဆယ် သဘောတူချက်များ အကောင် အထည်ဖော်ရာတွင် UPDJC နှင့်သက်ဆိုင်သည့် ကိစ္စရပ်ဆိုလျှင် အစိုးရ၊လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့ များပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဆိုသည့်ပုံစံကို ယခု UPDJC အစည်းအဝေးတွင် ချမှတ်ခဲ့ပါကြောင်း၊ ကျန်ရှိသည့်အကြောင်း အရာများမှာ ညီလာခံ ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါကြောင်းရှင်းလင်း ပြောကြား သည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟို ကော်မတီဝင် နိုင်အောင်မငေးနှင့် (NMSP) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ် ပါတီ (SNLD)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွန့်တို့သည် သတင်း မီဒီယာများ မေးမြန်းသည့် မေးခွန်းများအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ သည်။

သတင်းစာရှင်းလင်းပွဲ အပြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္တအကြိမ် အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော်အစုအဖွဲ့မှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ညီလာခံကိုယ်စားလှယ်များကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာအမှတ်(၂) စားရိပ်သာဆောင်၌ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က စတုတ္ထအကြိမ် ညီလာခံတွင် ကျင်းပမည့် ညီလာခံအစီအစဉ်များ၊ ညီလာခံကိုယ်စားလှယ်များလို က်နာဆောင်ရွက်ရမည့် အချက် များနှင့် ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း ဖြစ်ပေါ်လာပုံတို့ကိုလည်းကောင်း၊ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေ က  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံစတုတ္တအကြိမ် အစည်းအဝေး ရက်အလိုက် ကျင်းပမည့် အစီအစဉ်များ ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။သတင်း- မျိုးဟန်စိုး၊ ဓာတ်ပုံ-ထိုက်ကြီး