Skip to main content

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် ကုန်သွယ်မှုမြှင့်တင်ရေးသင်တန်း ဆွေးနွေးပွဲမှ လေ့လာသိရှိခဲ့သည့် ဗဟုသုတများမျှဝေ

နေပြည်တော်   ဇူလိုင်   ၂၁

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်ပြီး Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၂၂)ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ဆွေးနွေးမည့် ခေါင်းစဉ်ပါ အာဆီယံဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership- RCEP) သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါ RCEP သဘောတူစာချုပ်တွင် အာဆီယံ ၁၀ နိုင်ငံနှင့် ဩစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်နိုင်ငံ ၁၅  နိုင်ငံပါဝင်ပြီး ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (World Trade Organization- WTO) နှင့် ကနဦး ပူးတွဲကြေညာချက် (Joint Statement Initiative) ပြုလုပ်ထားပါကြောင်း၊ ယင်းစာချုပ်အရ မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများအပြင် ကမ္ဘာ့နိုင်ငံများအထိ စီးပွား‌ရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့် အခွင့်အလမ်းများရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ စီးပွားရေးတိုးတက်စေရေးအတွက် ထုတ်လုပ်ခြင်း (Production)၊ ဖြန့်ဖြူးခြင်း (Distribution) နှင့် ဈေးကွက်ရရှိအောင် ဆောင်ရွက်ခြင်း (Marketing) တို့သည် အဓိကမောင်းနှင်အားများ ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာကြီးသည် စီးပွား ရေးခေတ်သစ်သို့ ရောက်ရှိနေပြီဖြစ်၍ နည်းပညာများတိုးတက်လာသည့်အပြင် စာရင်းဇယားများ (Statistic Data)၊ Artificial Intelligent- AI နည်းပညာ၊ E-Commerce၊ Digital Trade၊  E-Payment System နှင့် Cashless System များကို အသုံးပြုနေပြီဖြစ်ပါကြောင်း၊ RCEP သဘောတူစာချုပ်၌ ခေတ်နှင့် လျော်ညီစွာ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးအခန်း (E-Commerce) ကို ထည့်သွင်းချုပ်ဆိုထားသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှု၊ ကူးသန်းသွားလာမှု၊ ပို့ကုန်သွင်းကုန်တိုးတက်မှု၊ ငွေကြေးဖလှယ်မှု၊ လူမျိုးအချင်းချင်း (People to People)နှင့် ယဉ်ကျေးမှုအချင်းချင်း (Culture to Culture) တို့တွင်ပိုမိုပူးပေါင်းဆောင်ရွက်လာ နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယနေ့ပြုလုပ်သည့်ဆွေးနွေးပွဲမှရရှိသော အသိပညာ၊ ဗဟုသုတများကို အကျိုးရှိရှိ အသုံးချပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် စွမ်းအားအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ဒုတိယညွှန်ကြားရေးမှူး က “ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် ကုန်သွယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲမှ လေ့လာသိရှိခဲ့သည့် ဗဟုသုတများကို မျှဝေခြင်းခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက ဆွေးနွေးမှုခေါင်းစဉ်နှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း/အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)