Skip to main content

သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဖွင့်လှစ်

နေပြည်တော်  ဩဂုတ် ၁၇

ပဉ္စမအကြိမ် သုတေသန နည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှု ဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မက်စ် ဟိုတယ်၌ ကျင်းပ သည်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယခုသင်တန်းတွင် ပို့ချမည့် သုတေသနနည်းနာနိဿယများ (Research Methodology)၊  ပြည်သူ့ဆက်ဆံရေး (Public Relations) နှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာပညာ (Information Management) တို့သည် ရာထူးတာဝန် အသီးသီးတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် မဖြစ်မနေ တတ်ကျွမ်းသင့်သည့် ပညာရပ်များ ဖြစ်ကြပါကြောင်း၊ ခေတ်ကာလ ပြောင်းလဲလာသည့် အလျှောက် ဤပညာရပ်များမှာလည်း ပြောင်းလဲတိုးတက်လာခဲ့သည့်အတွက် မိမိတို့အနေဖြင့် စဉ်ဆက်မပြတ် လေ့လာနေရန် လိုအပ်ပါကြောင်း။

အခြားတစ်ဖက်တွင် စတုတ္ထစက်မှုတော်လှန်ရေးဟုခေါ်သည့် ဒစ်ဂျစ်တယ်နည်းပညာသည် အရှိန် အဟုန်ဖြင့် တိုးတက်လာပါကြောင်း၊ အကျိုးဆက်အနေဖြင့် လူအများက သတင်း အချက်အလက်နှင့် ဖျော်ဖြေရေးအစီအစဉ်များ ရယူရန်နှင့် အများနှင့် ဆက်သွယ်ပြောဆိုရန် အွန်လိုင်း ပလက်ဖောင်း များကို အဓိက အသုံးပြုလာကြပါကြောင်း၊ မိမိတို့နိုင်ငံတွင် လူကြိုက်အများဆုံး အွန်လိုင်း ပလက် ဖောင်းဖြစ်သည့် Facebook ခေါ် ဆိုရှယ်မီဒီယာအသုံးပြုသူသည် ယခုနှစ် ဇန်နဝါရီလကုန်တွင် ၂၂သန်း ကျော်ရှိခဲ့ရာမှ ဇူလိုင်လကုန်တွင် ၂၈ သန်းကျော်အထိ တစ်ဟုန်ထိုး တိုးတက်လာသည်ဟု သိရှိရပါ ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချလိုက်သည့် ပညာရပ်များကို ပြောင်းလဲတိုးတက် နေသည့် နည်းပညာရပ်နှင့် ပေါင်းစပ်အသုံးပြုနိုင်အောင် စဉ်ဆက်မပြတ် ကြိုးစားနေရန် လိုအပ်ပါ ကြောင်း။

သင်တန်းမှ ရရှိလာသည့် အသိပညာ၊ ဗဟုသုတများကို ဌာနအတွက်၊ နိုင်ငံအတွက် အကောင်းဆုံး ဖြစ်အောင် အသုံးချစေလိုကြောင်းနှင့် သင်တန်းတက်ရောက်ခွင့်မရရှိသည့် လုပ်ဖော်ကိုင်ဖက်များ ကိုလည်း ပြန်လည်မျှဝေစေ လိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ Panna Institute မှ ပညာရပ်ဆိုင်ရာ အကြံပေး ဒေါက်တာ တင်မောင်မောင်သန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် Konrad Adenauer Stiftung (KAS) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်  Dr.Thomas Knirsch က KAS ၏ ဦးတည်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယခုဖွင့်လှစ်သည့် ပဉ္စမအကြိမ် သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်း အချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းကို ဩဂုတ် ၂၁ ရက်အထိ ငါးရက်တာ ဖွင့်လှစ်သွားမည် ဖြစ်ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းဦးရေ ၃၀ တက်ရောက်ကြသည်။ ယခု ၂ဝ၂ဝ ပြည့်နှစ်အတွင်း ယခုသင်တန်းမျိုး နောက်ထပ် (၂)ကြိမ် ဖွင့်လှစ်ရန် စီစဉ်လျာထားကြောင်း သိရှိရသည်။

 သတင်းစဉ်