နေပြည်တော် ဇူလိုင် ၂၀
ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်းသို့ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဇူလိုင် ၁၉ ရက်တွင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ KKO ခွဲထွက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဇူလိုင် ၁၉ ရက် နံနက် ၇ နာရီခွဲတွင် ကော့ကရိတ်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာမှ မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက် ပဒုမ္မာလမ်းတွင်တစ်လုံး၊ အမှတ် ၂ ရပ်ကွက် မြို့တော်ဦး ရပ်ကွက်တွင်တစ်လုံးနှင့် ခရိုင်ပြည်သူ့ဆေးရုံရှေ့တွင် တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးဦးတို့တွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိပြီး ဗုံးသီးများကျရောက်ရာ ရပ်ကွက်အတွင်း ပေါက်ကွဲမှုမရှိသေးသည့် ဗုံးသီးများကျန်ရှိမှုမရှိစေရေးနှင့် မလိုလားအပ်သော ပေါက်ကွဲမှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော လူနေရပ်ကွက်များအတွင်းသို့ အကြောင်းမဲ့အကြမ်းဖက် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် တုံ့ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်