Skip to main content

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန် သြဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ခန်းမ ၃ တွင် ယနေ့ နံနက် ၉ နာရီ၌ ပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တက်ရောက် လာသူများက မိမိတို့ တာဝန်ယူဆောင်ရွက်ရသည့် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် မဲဆန္ဒရှင်စာရင်းများအား ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြည့်စုံမှန်ကန်စေရေးနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် လောင်းများအား ထုတ်ပြန်ထားသော မဲဆန္ဒရှင်စာရင်းများ ထုတ်ပေးနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရန်၊ ကိုင်ဆောင်လက်မှတ်မပြနိုင်သော မဲဆန္ဒရှင် များအတွက် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ ထုတ်ပေးသော ယာယီအိမ်ထောင်စုစာရင်းအား သက်သေခံလက်မှတ်အဖြစ် သတ်မှတ်ပေးနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရန်၊ မဲဆန္ဒရှင်များအနေဖြင့် ပုံစံ-၃၊ ပုံစံ-၃ (က)နှင့် ပုံစု(၄)တို့အား သက်ဆိုင်ရာ Website  စာမျက်နှာမှ ရယူပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံ ချက်ဖြင့် အမည်စာရင်းအချက်အလက်များ ပြင်ဆင်လျှောက်ထားနိုင်ရေး မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသို့ အသိပေးညွှန်ကြားရန်၊ မဲစာရင်းတွင် မပါဝင်သူများအတွက် ပုံစံ-၃ အား ကိုယ်စားလျှောက်ထားနိုင်ကြောင်း အသိပေးကြေညာရန်နှင့် ၎င်းပုံစံများအား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ထောက်ခံချက်လက်မှတ် ရေးထိုးရာတွင် အမည်စာရင်းထပ်မှုများ မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံ မှန်ကန်စေရေး ကြီးကြပ်စစ်ဆေးရေးအဖွဲ့များကို မြို့နယ်အလိုက် လူဦးရေအနည်းအများပေါ် မူတည်၍ ဖွဲ့စည်းသွားရန်၊ နိုဝင်ဘာလ(၈) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများ မဲပေးနိုင်ကြောင်း အများပြည်သူသိရှိနိုင်ရေး ထုတ်ပြန်ကြေညာ သွားရန်နှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ပံ့ပိုးကူညီရေး အဖွဲ့များ ဖွဲ့စည်း သွားရေး တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)