နေပြည်တော် ဇူလိုင် ၁၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား (MoU) သက်တမ်းကျော်လွန်မှု အခြေအနေနှင့် MoU အသစ် လက်မှတ် ရေးထိုးချုပ်ဆိုနိုင်ရန် နှစ်ဦးနှစ်ဖက် စောင့်ထိန်းရမည့် တာဝန်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ထပ်မံချုပ်ဆိုမည့် MoU အသစ်တွင် ပြင်ဆင်၊ ဖြည့်စွက်၊ အတည်ပြု နိုင်မည့် အသုံးအနှုန်းများနှင့်ပတ်သက်၍ နှစ်ဖက်ညှိနှိုင်းကာ အမြန်ဆုံးပြုစုပေးနိုင်ရေး၊ ယင်းကာလအတွင်း ဌာနေကိုယ်စားလှယ်အပါအဝင် UNHCR မှ နိုင်ငံခြားသားများ၏ ဗီဇာနေခွင့် သက်တမ်းတိုးမြှင့်ပေးနိုင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် သိရှိနားလည်ပြီး အပြုသဘောဆောင်သည့် ပူးပေါင်းကူညီမှုများ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေး အခြေ အနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်