နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အစည်းအဝေးကို ဇူလိုင် ၁၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် အဓိကကျသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များကိုဖိတ်ခေါ်၍ အစည်းအဝေး တက်ရောက်စေခဲ့သည်။ နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များသည် လူဦးရေအရ များပြားသည့်၊ အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်သည့်၊ မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများတွင် အားအကောင်းဆုံးသော ဒေသများဖြစ်ကြသည်။
အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “မိမိတို့နိုင်ငံ၏ ဂျီဒီပီမှာ မိမိတို့နိုင်ငံ၏ ရေမြေသဘာဝနှင့်တူညီသည့် ဒေသတွင်းနိုင်ငံများ၏ ဂျီဒီပီနှင့်နှိုင်းယှဉ်ပါက များစွာကွာခြား လျက်ရှိနေသေးကြောင်း၊ ဂျီဒီပီတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေသူများအားလုံး လုပ်ငန်းများအလိုက် အောင်မြင်အောင် ဆောင်ရွက်လိုစိတ်ရှိရန် လိုကြောင်း။” ထည့်သွင်းပြောကြားခဲ့သည်။ ဂျီဒီပီ (Gross Domestic Product) ဟူသည် တစ်နှစ်တာကာလအတွင်း ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ စုစုပေါင်း ငွေကြေးတန်ဖိုးဖြစ်ပြီး တိုင်းပြည်၏ စီးပွားရေးအတက်အကျကို ပြဆိုသည့် အညွှန်းကိန်းလည်း ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာတစ်လွှား အရှိန်အဟုန်ဖြင့် ကူးစက်ပျံ့နှံ့လာခြင်း၊ ရုရှား-ယူကရိန်းစစ်ပွဲ ဂယက်ကြောင့် လောင်စာဆီနှင့် စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာခြင်း စသည့်အကြောင်းများကြောင့် ကမ္ဘာ့စီးပွားရေးအပေါ်တွင် ဆိုးဆိုးရွားရွား ရိုက်ခတ်မှုများရှိခဲ့ရာ မိမိတို့ မြန်မာနိုင်ငံမှာလည်း ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ အာရှဖွံ့ဖြိုး ရေးဘဏ်၏ ခန့်မှန်းချက်အရ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ဂျီဒီပီတန်ဖိုး ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ၇ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်း ကဏ္ဍတွင် ၁၂ ရာခိုင်နှုန်း၊ လက်လီလက်ကား အရောင်းလုပ်ငန်း ကဏ္ဍတွင် ၁၉ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် ၄၃ ရာခိုင်နှုန်းအထိ လုပ်ငန်းများ ယာယီပိတ်သိမ်းသွားခဲ့ရကြောင်းလည်း သတင်းများတွင် တွေ့ရှိရသည်။
မျက်မှောက်ကာလ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးနှင့်စီးပွားရေးအကျပ်အတည်းအပြင် မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုကလည်း နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တစ်နည်းတစ်ဖုံ ထိခိုက်စေသည်။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထရမည့် ကာလတွင် ပြည်တွင်းပြည်ပ အဖျက်လုပ်ရပ်များကြောင့် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုများ၏ ဒဏ်ကို တစ်ကမ္ဘာလုံးခံစားကြရသည့်အခါတွင် ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများက ပို၍ခံစားကြရသည်။ အခက်အခဲ၊ အကျပ်အတည်းများကြားမှ ပြည်တွင်းစုစုပေါင်း ထုတ်ကုန်တန်ဖိုး တိုးတက်လာရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ အားလုံးတို့က ကဏ္ဍအလိုက် မြှင့်တင် သွားနိုင်ရန် အစွမ်းကုန်ကြိုးစားကြရမှာဖြစ်သည်။
နိုင်ငံကုန်ထုတ်လုပ်မှု (ဂျီဒီပီ) မြှင့်တင်ရေးတွင် နေပြည်တော် ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့သည် လူ့စွမ်းအားအရင်းအမြစ်နှင့် ရေ၊ မြေ၊ သယံဇာတအရင်းအမြစ် များ ကြီးမားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ကုန်ထုတ် လုပ်ငန်းများ အဓိကဆောင်ရွက်နိုင်စွမ်းရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များပင်ဖြစ်သည်။ နိုင်ငံ့စီးပွား မြင့်မားတိုးတက်ရေးတွင် ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးသည် အဓိကပင်ဖြစ်ရာ မိမိတို့၏ သယံဇာတအရင်းအမြစ်နှင့် လူ့စွမ်းအားအရင်းအမြစ်များကို ထိရောက်စွာအသုံးချကာ ဒေသအလိုက်၊ ကဏ္ဍအလိုက် ကုန်ထုတ်လုပ်မှုများ မြင့်မားအောင် မြှင့်တင်နိုင်ကြပါစေကြောင်း၊၊ ။