Skip to main content

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုများလုပ်ခဲ့ကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြနေမှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

နေပြည်တော် ဇူလိုင် ၁၃

ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးသည် ဇူလိုင်လ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့ကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြနေတာ တွေ့ရှိပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလို ဖြေကြားထားပါသည်။

ကျွန်တော်တို့ ထိုင်းနိုင်ငံရဲ့ ဒုတိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Don Pramudwinai ကတော့ မြန်မာနိုင်ငံကို တနင်္ဂနွေ ၉ ရက်နေ့မှာ ရောက်ရှိလာတာရှိပါတယ်။ နိုင်ငံတကာ သတင်းတွေမှာဖော်ပြနေသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တာရှိပါတယ်။ နှစ်ယောက်ချင်း တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ တွေ့ဆုံချိန်ကတော့ တစ်နာရီခွဲနီးပါးလောက် ကြာပါတယ်။ နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ် တွေ့ဆုံတာဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် တွေ့ဆုံတဲ့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့လည်း ဆွေးနွေးချင်တဲ့အချက်များကို လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့ပါတယ်။ နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့တာ ဖြစ်တဲ့အတွက် ဆွေးနွေးချက်ကိုတော့ ကျွန်တော်တို့အသေးစိတ်မသိရှိပါဘူး။ ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့မြင်ချက်အရတော့ ဒေါ်အောင်ဆန်းစုကြည်လည်း ကျန်းမာရေး ကောင်းမွန်ကြောင်း သိရှိရပါတယ်။