နေပြည်တော် ဇူလိုင် ၈
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့တွင် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းနည်းပညာဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်း လေကြောင်းလိုင်းများ၊ လေဆိပ် Operator များမှ တာဝန် ရှိသူများနှင့်တွေ့ဆုံသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ဟံသာဝတီအဝိုင်းအနီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နည်းပညာဌာနသို့ ရောက်ရှိရာ တာဝန်ရှိသူများ က မိုခါမုန်တိုင်း မတိုက်ခတ်မီ ဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေး ရွေ့လျားမိုဘိုင်း ဆက်သွယ်ရေးယာဉ်များ၊ အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ချိတ်ဆက်အသုံးပြုနိုင်သည့် ဂြိုဟ်တုဆက် သွယ်ရေး စလောင်းများ ကြိုတင်ဖြန့်ခွဲပေးပို့ ဆောင်ရွက်ခဲ့မှု၊ မုန်တိုင်းတိုက်ခတ် ပြီးနောက် ပျက်စီးသွားသည့် ဆက်သွယ်ရေးတာဝါတိုင်နှင့် စခန်းများ အချိန်တိုအတွင်း ပြင်ဆင် ဆောင်ရွက်ပြီးစီးမှု၊ ပျက်စီး ချို့ယွင်းသွားသည့် စက်ပစ္စည်းများနှင့် ကေဘယ်ကြိုးများကို လက်ရှိထက် ပိုမိုကောင်းမွန်သော စက်ပစ္စည်းနှင့် ဖိုင်ဘာကေဘယ် ကြိုးများဖြင့် အစားထိုးလဲလှယ် ရေးဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ချိန်တွင် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်ကဏ္ဍသည် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး အတွက် အရေးကြီးပါကြောင်း၊ မုန်တိုင်းမတိုက်ခတ်မီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည့်အတွက် မုန်တိုင်းတိုက်ခတ် ပြီးနောက် ဆက်သွယ်မှုများ ပြတ်တောက်ချိန်၌ အရေးပေါ် ဆက်သွယ် ရေးစနစ်များကို ချိတ်ဆက် အသုံးပြုနိုင်ခဲ့သည့်အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်များစွာ အထောက်အကူ ရရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ အရေးပေါ် ဆက်သွယ်ရေး စနစ်အတွက် အသုံးပြုသည့် စက်ပစ္စည်းများ၊ ယာဉ်ယန္တရားများ အစဉ်ကောင်းမွန် မှုရှိစေရန် စမ်းသပ်အသုံးပြုခြင်း၊ စစ်ဆေးပြုပြင်ခြင်းများ ပုံမှန်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လက်ရှိ အသုံးပြုနေသည့် အရေးပေါ် ဆက်သွယ်ရေးစနစ်များ ထက် ပိုမိုကောင်းမွန်သည့် စနစ်များကို လေ့လာပြီး ရှိသင့်သည့် စက်ပစ္စည်းများကို ဖြည့်တင်းထားနိုင်ရေး အကြံပြုတင်ပြရန် လိုအပ် ကြောင်း၊ အဝေးဆက်သွယ်ရေး ဆက်ကြောင်းများသည် ဆက်သွယ်ရေးဝန်ဆောင်မှုများအားလုံး၏ အဓိကကျောရိုးဖြစ်သည့်အတွက် အစဉ်ကောင်းမွန် စေရေး ဆောင်ရွက်ရန်၊ အရန်ဆက်ကြောင်း များ ထားရှိနိုင်ရေး ဆောင်ရွက်ရန်၊ ပျက်မှ ပြုပြင်ခြင်းမျိုး မဟုတ်ဘဲ Preventive Maintenance လုပ်ငန်းများကိုလည်း ပုံမှန် စနစ် တကျ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိုခါမုန်တိုင်းကြောင့် ချို့ယွင်းပြတ်တောက်ခဲ့သည့် ဆက်သွယ်ရေး စနစ်များအတွက် အရေးပေါ်ဆက်သွယ်မှုရရှိအောင် လက်တွေ့ ဆောင်ရွက်ခဲ့သည့် အခြေအနေများအပေါ် လေ့လာသုံးသပ်၍အားသာချက်၊ အားနည်း ချက်များကို ဖော်ထုတ်ပြီးချက်ချင်း ပြုပြင်ရမည်များကို ချက်ချင်းဆောင်ရွက်ရန်၊ ရေတို၊ ရေရှည် စီမံဆောင်ရွက်ရမည်များကို စနစ်တကျ အစီအမံများ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပိုမိုကောင်းမွန်သည့် ဆက်သွယ်ရေးစနစ်များ ဖြစ်စေ ရေးအတွက် လက်ရှိအားနည်းချက်များကို ဖော်ထုတ်၍ ပြုပြင်ဆောင် ရွက်ရန် လိုအပ်ကြောင်း မှာကြား သည်။
လိုအပ်သည်များမှာကြား
ထို့နောက် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းနည်းပညာဌာနရှိ လုပ်ငန်းဆောင်ရွက်နေမှုများ၊ တပ်ဆင်ထားသည့် စက်ပစ္စည်းများ၊ အရေးပေါ် ဆက်သွယ်ရေးစနစ်အတွက် အသုံးပြုသည့် စက်ပစ္စည်းများ နှင့်ဝန်ဆောင်မှု လုပ်ငန်းများ၏ အခြေအနေကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာ ဆောင်သို့ ရောက်ရှိပြီး ပြည်ပ ထွက်ခွာမည့် ခရီးသည်များ လေဆိပ်သို့ စတင်ရောက်ရှိသည့် အချိန်မှစ၍ လေယာဉ်ပေါ် တက်ရောက်ချိန်အထိ သက်ဆိုင် ရာ လေကြောင်းလိုင်းများနှင့် ဌာနဆိုင်ရာများမှ ဝန်ဆောင်မှု ပေးလျက်ရှိသည့် အခြေအနေများ၊ လုံခြုံရေး စိစစ်ဆောင် ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် လေကြောင်း ပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန လေကြောင်းပညာသိပ္ပံကျောင်းသို့ ရောက်ရှိပြီး အဆိုပါကျောင်း အစည်းအဝေးခန်းမ၌ ပြည်တွင်း လေကြောင်းလိုင်းများနှင့် လေ ဆိပ်အော်ပရေတာများမှ တာဝန်ရှိ သူများ၊ လုံခြုံရေး တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လေဆိပ်နှင့် လေယာဉ်ခရီးစဉ်များ အား ဘေးအန္တရာယ် ကင်းရှင်းရေး (Safety) ၊ လုံခြုံစိတ်ချမှု ရှိစေရေး (Security) တို့ကို ဥပဒေ၊ နည်း ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ် (ICAO)၏ သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ ဖြစ်စေရေးဆောင်ရွက်ရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် နိုင်ငံတော်ကိုယ်စား ကြပ်မတ်ထိန်းသိမ်းကြီးကြပ်ရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ လေကြောင်း သွားလာသည့် ခရီးသည်များကို စိတ်ချမ်းသာအောင် သွားလာနိုင်ရေး ဆောင်ရွက်ပေးရန်၊ လေဆိပ်တွင် လေယာဉ်လိုင်းများ၊ လေဆိပ်၏ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများကောင်းမွန်စေရန်နှင့် စည်းကမ်းကောင်းရန်တို့အတွက် ဆောင်ရွက်ရန် လမ်းညွှန်မှုပြုထား ပါကြောင်း၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် လေဆိပ် အော်ပရေတာများအနေဖြင့် တာဝန်ယူဆောင်ရွက်သည့် လေဆိပ်များတွင် သန့်ရှင်းသပ်ရပ် မှုရှိစေရေး၊ လေဆိပ် အဆောက် အဦများ အမြင်တင့်တယ်မှုရှိစေရေး၊ ခရီးသည်များ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေး ကောင်းမွန်သည့် ဝန်ဆောင်မှုများဖြစ်အောင် အစဉ်တစိုက် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရန် လိုအပ်ကြောင်း၊ လေဆိပ်များတွင် လေယာဉ်လုံခြုံရေးနှင့် ခရီးသည်လုံခြုံရေးတို့အား လုံခြုံရေးအသိ၊ သတိရှိစေရေးအတွက် ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးရန်နှင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များဖြင့် စနစ်တကျပူးပေါင်း ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။
ဖြည့်ဆည်းဆောင်ရွက်
ထို့နောက် တက်ရောက်လာကြသည့် လေကြောင်းလိုင်းများ နှင့် လေဆိပ်အော်ပရေတာများမှ တာဝန်ရှိသူများက လေကြောင်း လိုင်းများ ပျံသန်းပြေးဆွဲနေမှု၊ လေဆိပ်အလိုက် ခရီးသည်နှင့် လေယာဉ်ခရီးစဉ်များအတွက် ဝန်ဆောင်ပေးနေသည့် အခြေအနေများ၊ လေယာဉ်နှင့်ခရီးသည် များ လုံခြုံမှုရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း၍ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်