နေပြည်တော် ဇူလိုင် ၈
(၅၇) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ဇူလိုင် ၆ ရက်က အထူးကု ဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၌ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု အခြေအနေများကြောင့် ကျောက်ကပ်အစားထိုး ခွဲစိတ် ကုသမှုများ ယာယီရပ်နားထားရာမှ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ကုသရေး ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် မြန်မာနိုင်ငံသား ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ ဌာနမှူးများက ဦးဆောင်၍ တာဝန်ခံဆရာဝန်ကြီးများ၊ သူနာပြုများ ပူးပေါင်း ပါဝင်သည့် ဆေးအဖွဲ့သည် ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှုများကို အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ၌ (၅၅) ကြိမ်မြောက်အဖြစ် ပြန်လည် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လတွင် (၅၆) ကြိမ်မြောက် ဆောင်ရွက်နိုင်ခဲ့သည်။
ယခု (၅၇)ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုတွင် လူနာမှာ ရှမ်းပြည်နယ် ပြည်သူ့ဆေးရုံ နမ့်စန်မြို့မှ အသက်(၂၇) နှစ်ရှိ သူနာပြုအမျိုးသားဖြစ်ပြီး အသက်(၃၂) နှစ်ရှိ ၎င်း၏ အစ်မဖြစ်သူမှ ကျောက်ကပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို နံနက် ၉ နာရီတွင် စတင်ကာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ ဆောင်ရွက်ပြီး စီးခဲ့ပြီး အဆိုပါ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ရန်ကုန် မှ ပါမောက္ခ/ဌာနမှူး (ဆီးနှင့်ကျောက်ကပ် ခွဲစိတ်) ပါမောက္ခဒေါက်တာ ကျော်စိုးကျော် ဦးဆောင် သော ဆီးနှင့်ကျောက်ကပ်ခွဲစိတ် မှုဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ပါမောက္ခ/ဌာနမှူး (ဆီးနှင့်ကျောက်ကပ်ဆေးကု) ပါမောက္ခ ဒေါက်တာ ဝင်းဝင်းလှိုင် ဦးဆောင်သော ဆီးနှင့်ကျောက်ကပ် ဆေးကုသမှု ဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး (မေ့ဆေး) ပါမောက္ခ ဒေါက်တာမူမူနိုင် ဦးဆောင်သော မေ့ဆေးပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ ဌာနမှူး(နှလုံးနှင့် သွေးကြော ခွဲစိတ်) ပါမောက္ခ ဒေါက်တာဝင်းဝင်းကျော် ဦးဆောင်သော နှလုံးနှင့်သွေးကြောခွဲစိတ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ပါမောက္ခ/ဌာနမှူး (ဓာတ်မှန်) ပါမောက္ခ ဒေါက်တာအောင်ချိုထွန်း ဦးဆောင်သော ဓာတ်မှန်ဆိုင်ရာလုပ်ငန်းအဖွဲ့၊ အမျိုးသားသွေးဌာန ရန်ကုန်မြို့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာအောင် ဦးဆောင်သော သွေးနှင့် သွေးပစ္စည်းဆိုင်ရာ အထောက် အကူပြုလုပ်ငန်း အဖွဲ့၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန - ရန်ကုန်မြို့မှ ညွှန်ကြားရေးမှူး (ဓာတ်ခွဲ) ဒေါက်တာဆွေဆက် ဦးဆောင်သော ရောဂါရှာဖွေရေး လုပ်ငန်း အဖွဲ့၊ အထူးကု ဆေးရုံကြီး(ခုတင်-၅၀၀) ရန်ကုန်မှ တွဲဖက်ပါမောက္ခ(မေ့ဆေး) ဒေါက်တာ မောင်မောင်ဆွေနှင့်အဖွဲ့၊ အငြိမ်းစား ဆေးပညာရှင်များဖြစ်သည့် ပါမောက္ခ ဒေါက်တာသန်းအေး၊ ပါမောက္ခဒေါက်တာ ကျော်စွာလှိုင်၊ ပါမောက္ခဒေါက်တာခင်မောင် ဌေး၊ ပါမောက္ခဒေါက်တာ ကြည်ကြည်စန်း၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ရန်ကုန် မှ ခွဲစိတ်ခန်းကျွမ်းကျင် သူနာပြုဆရာမကြီး ဒေါ်ကေသီနွယ်နှင့် သူနာပြုများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးနှင့် ဆေးရုံစီမံခန့်ခွဲမှုကော်မတီဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ကူညီပံ့ပိုးမှုများပေးအပ်
ယခုကဲ့သို့ ပြည်သူ့ဆေးရုံကြီးများတွင် မြန်မာနိုင်ငံသားဆရာဝန်ကြီးများက ဦးဆောင်၍ ကျောက်ကပ်အစားထိုးခွဲစိတ် ကုသမှုများ အောင်မြင်စွာ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် ပြည်တွင်း၌ပင် လူနာများသည် ခွဲစိတ်ကုသမှုများ ခံယူနိုင်၍ လူနာနှင့် လူနာ၏မိသား စုဝင်များအနေဖြင့် နိုင်ငံရပ်ခြားတွင် သွားရောက်ခွဲစိတ်ကုသရသည့် ဆေးကုသမှုကုန် ကျစရိတ်အများ အပြားကိုလျှော့ ချနိုင်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း အဆိုပါ ခွဲစိတ်ကုသမှုများကို အပြည့်အဝ ကူညီပံ့ပိုးမှုများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ကြည့်ရှုအားပေး
အဆိုပါကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် လူမှုရေးရာဝန်ကြီး ဦးအောင် ဝင်းသိန်းတို့က လာရောက်ကြည့်ရှု အားပေးပြီး လူနာအတွဲအတွက် အလှူငွေကျပ် ၁၅ သိန်းကိုလည်းကောင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ငွေကျပ် သိန်း ၃၀ ကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်းသိရ သည်။
သတင်းစဉ်