Skip to main content

သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ

မေး ။ ။ သတင်းနှင့် ပြန်ကြားရေးကော်မတီအနေနဲ့ မိုခါမုန်တိုင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင် မှုလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက် ခဲ့တယ်ဆိုတာ ပြောကြားပေးစေလိုပါ တယ်။

ဖြေ ။ ။ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီအနေနဲ့ မုန်တိုင်းမဝင်ရောက်မီ ကာလမှာကြိုတင်ပြီး နိုင်ငံပိုင်မီဒီယာတွေဖြစ်တဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရေဒီယို၊ FMနဲ့နိုင်ငံပိုင်သတင်းစာတွေမှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပညာပေးအစီအစဉ်တွေကိုနေ့စဉ်ဖော်ပြထုတ်လွှင့်ပေးတဲ့အပြင် အွန်လိုင်းစာမျက်နှာတွေ ဖြစ်တဲ့ MOI Web portal, Myanmar Digital News Website တွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးခဲ့ပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာဌာနတွေကပေးပို့တဲ့ မုန်တိုင်းမကျရောက်မီ မုန်တိုင်း ကျရောက်စဉ်နဲ့ မုန်တိုင်းကျရောက်ပြီး လိုက်နာနေထိုင်ရမယ့် အချက်အလက်တွေကိုလည်း ကြိုတင်ပြီး နေ့စဉ်အသိ ပေးဖော်ပြခဲ့ပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကထုတ်ဝေတဲ့ မုန်တိုင်းအသိပညာပေး လက်ကမ်းစာစောင်တွေကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ရခိုင်ပြည်နယ်က သဘာဝဘေးဒဏ်ကျရောက် နိုင်တဲ့မြို့နယ် ၁၇ မြို့နယ်က ကမ်းခြေဒေသတွေ၊ ဈေးတွေ၊ လမ်းဆုံလမ်းခွနဲ့ လူစည်ကားရာနေရာတွေမှာ ဖြန့်ဝေပေး ခဲ့ပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ မုန်တိုင်းသတိပေးချက်၊ လေဖိအားနည်းရပ်ဝန်း အခြေအနေစတဲ့ထုတ်ပြန်ချက်တွေကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဌာနဆိုင်ရာတွေ၊ သက်ဆိုင် ရာတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး ရခိုင်ပြည်နယ်က သဘာဝဘေးဒဏ်ကျရောက် နိုင်တဲ့မြို့နယ် ၁၇ မြို့နယ်မှာ တစ်ရက်သုံးကြိမ်အသံချဲ့စက်တွေနဲ့ ကြေညာပေးတာတွေကိုလည်း ဆောင်ရွက်ပေးခဲ့ပါ တယ်။

မုန်တိုင်းကျရောက်ပြီးနောက် သတင်းတွေကို ပုံမှန်ထုတ်ပြန်နိုင်ဖို့ စစ်တွေမှာရှိတဲ့ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားထပ်ဆင့်လွှင့်စက်ရုံမှာ Uplink Unit V Sat တပ်ဆင်ထားပြီး AVI West တစ်လုံးကို မေလ ၁၀ ရက်နေ့မှာ ပို့ဆောင် ထားခဲ့ပါတယ်။ ဒါ့အပြင် Back Pack တစ်စုံကိုလည်း မေလ ၁၁ ရက်နေ့မှာ မောင်တောမြို့ကို ပို့ဆောင်ထားပြီး သတင်းထုတ်ပြန်နိုင်ရေး ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။

မုန်တိုင်းကျရောက်နိုင်ခြေအများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်ကမြေပြင်အခြေအနေအမှန်ကို နိုင်ငံတကာနဲ့ပြည်သူတွေသိရှိနိုင်ဖို့ မုန်တိုင်းကျရောက်ခဲ့မှုအခြေအနေ၊ ရှာဖွေကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးနဲ့ ပြန်လည်ထူထောင်ရေးစတဲ့သတင်းအချက်အလက်တွေကို ရယူနိုင်ဖို့ ရိုက်ကူးရေးအဖွဲ့နဲ့ သတင်းအဖွဲ့တွေကို စစ်တွေမြို့ကို ကြိုတင်စေလွှတ်ထားရှိခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်နဲ့ နေပြည်တော်မှာလည်း သတင်းနဲ့ ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့စီအသင့် ကြိုတင် စုဖွဲ့ပြင်ဆင်ထားရှိခဲ့ပါတယ်။

မေး ။ ။မုန်တိုင်းဝင်ရောက်ပြီးချိန်မှာဘယ်လိုတွေ ဆက်လက်ဆောင်ရွက်ခဲ့တယ်ဆိုတာကို ပြောကြား ပေးစေလိုပါတယ်။

ဖြေ ။ ။ “မိုခါ”မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံက မီတာ ၁၀၀ တာဝါတိုင် ပျက်စီးသွားခဲ့ပါတယ်။ ရုပ်မြင်သံကြားထုတ်လွှင့် တာတွေ ရပ်ဆိုင်းမှုမရှိစေဖို့ မီတာ ၃၀ တာဝါတိုင်၊ ထပ်ဆင့်လွှင့်စက်တွေကို လေကြောင်းကနေ အမြန်ဆုံးပို့ဆောင်ပြီး ဌာနက ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြန်လည်တည်ဆောက်ခဲ့တဲ့အတွက် မေလ ၃၀ ရက်နေ့ ညနေ ၆ နာရီကစပြီး မီးစက်နဲ့ရုပ်သံထုတ်လွှင့်ခြင်းတွေကို ပြန်လည်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခု ဆိုရင် MRTV ကထုတ်လွှင့်တဲ့အစီအစဉ်တွေကို ပုံမှန်ပြန်လည်ကြည့်ရှု လို့ရနေပြီ ဖြစ်ပါတယ်။

အလားတူမုန်တိုင်းဒဏ်ကြောင့် နိုင်ငံပိုင်သတင်းစာပုံနှိပ်ထုတ်ဝေဖြန့်ချိ လျက်ရှိတဲ့ ကိုယ်ပွားသတင်းစာတိုက် (စစ်တွေ)က ပုံနှိပ်အကြိုလုပ်ငန်းခန်းနဲ့ ပုံနှိပ်စက်ခန်းတွေမှာ အမိုးသွပ်တွေ လန်ပြီး ရေဝင်ရောက်ခဲ့တာကြောင့် သတင်းစာတွေပုံနှိပ်ထုတ်ဝေဖို့ ခေတ္တရပ်ဆိုင်းခဲ့ရပါတယ်။ ဒါပေမဲ့ ပြည်သူတွေ သတင်းစာဖတ်ရှုနိုင်ဖို့ ရန်ကုန်ကနေ သတင်းစာတွေကိုမော်တော်ယာဉ်၊ လေယာဉ်တို့နဲ့ စစ်တွေမြို့ကို ပို့ဆောင် ပြီး မေလ ၂၃ ရက်နေ့ကစတင်ကာ ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေကို အရင်လိုပြန်လည်ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ ကြီးကြပ်မှုနဲ့အတူ မုန်တိုင်းကျရောက်ပြီးနောက် မုန်တိုင်းဒဏ်သင့်ဒေသတွေရဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၊ ထောက်ပံ့ကူညီရေးလုပ်ငန်းနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ချက်တွေအပြင် ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ ကဏ္ဍအလိုက် ဆောင်ရွက်ချက်တွေကို နိုင်ငံပိုင်မီဒီယာတွေမှာ အချိန်နဲ့တစ်ပြေးညီ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးနေပါတယ်။ ဒီလို ဆောင်ရွက်နေတာတွေဟာ ပြည်တွင်းကပြည်သူလူထုသာမက နိုင်ငံတကာကပါ မုန်တိုင်းဒဏ်သင့်ဒေသတွေရဲ့ပကတိ အခြေအနေမှန်ကိုသိရှိစေဖို့နဲ့ တချို့မြန်မာနိုင်ငံအပေါ် သဘောထားမမှန်တဲ့ ပြည်တွင်း/ ပြည်ပက လုပ်ကြံသတင်း တွေအပေါ် တုံ့ပြန်ချိုးဖျက်နိုင်ဖို့ အတွက် ကြိုးစားဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ။