Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်၍ ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး

နေပြည်တော် ဇူလိုင် ၇

၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၄)အတွင်း ရန်ကုန်-မန္တေလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၀၄ မိုင် ၁ ဖာလုံမှ မာရဝိဇယဘုရားအဝင်လမ်းဝဲယာ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင် ယခုနှစ် ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ တစ်နိုင်ငံလုံးသစ်တောဖုံးလွှမ်းမှုကောင်းမွန်စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေး တိုက်တွန်းနှိုးဆော်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း။

သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန် ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင် နေသည့်အတွက် သစ်ပင် သစ်တောများမပြုန်းတီးရေးနှင့်တိုးပွားစေရန် နိုင်ငံနှင့်အဝန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ အခုကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ သစ်မျိုး (၁၃) မျိုး၊ အပင်အရေအတွက် (၂,၂၂၀) ကို စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း။

သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းများသည် ကဏ္ဍစုံတွင် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းရရှိနိုင်ခြင်းဖြစ်ပါကြောင်း၊ သစ်တောသစ်ပင်များသည် ရာသီဥတုကိုမျှတကောင်းမွန်စေပြီး ဇီဝမျိုးစုံမျိုးကွဲများတိုးပွားစေပါကြောင်း၊ ရေမြေတောတောင်သဘာဝကို ထိန်းသိမ်းကာကွယ်ပေးပြီး သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ပါကြောင်း၊ သစ်တောထွက်ပစ္စည်းများဖြင့် စားရေရိက္ခာ‌များပံ့ပိုးပေးနိုင်သည့်အပြင် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှု အကျိုးကျေးဇူးများစွာ ရရှိစေနိုင် မည်ဖြစ်ပါကြောင်း။

နိုင်ငံ၏ အဖိုးတန်သစ်တောသယံဇာတများ ရေရှည်တည်တံ့ပြီး နိုင်ငံ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်ရန်အတွက် ချမှတ်ထားသည့် မြန်မာ့သစ်တောမူဝါဒကိုအခြေခံပြီး သစ်တောများကို စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်အစရှိသည့် အမြင်မျိုးစုံ၊ ရှုထောင့်မျိုးစုံ နှင့်ရှုမြင်ပြီး စနစ်တကျစီမံအုပ်ချုပ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုကို ပြန်လည်လေ့လာကြည့်မည်ဆိုပါက ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် သဘာဝသယံဇာတ သစ်တောများ၏ပြုန်းတီးမှုလျော့နည်းရေး အလေးထားဆောင်ရွက် သွားကြရန် မှာကြားလို ပါကြောင်း။

သစ်တောများ တစ်စထက်တစ်စ ပြုန်းတီးလာခြင်းနှင့်အတူ ရာသီဥတုဆိုးရွားလာပြီး မြစ်၊ ချောင်း၊ ကန်များညစ်ညမ်းလာကာ ရေချိုများခမ်းခြောက်လာသည်ကို တွေ့ရပါကြောင်း၊ ထို့အပြင် မြေဆီလွှာများ ပျက်စီးပြုန်းတီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပျောက်ဆုံးခြင်း၊ သဘာဝဘေးအန္တရာယ်များ မကြာခဏကျရောက်ခြင်းအစရှိသည့် ဆိုးကျိုးများကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါကြောင်း၊ ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုများနှင့်အတူ လူသားများအသက်ရှင်ရပ်တည်ရေးအတွက်ကြီးမားသည့် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများကိုပါ ရင်ဆိုင်နေကြရပြီဖြစ်သဖြင့် သစ်တောများမပြုန်းတီးရေးနှင့် တိုးချဲ့စိုက်ပျိုးရေးကို စဉ်ဆက်မပြတ်လုပ်ဆောင်သွားကြရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံသည် လူဦးရေ ၅၅ သန်းကျော်ရှိပြီး နိုင်ငံအကျယ်အဝန်း၊ မြေအနေအထား၊ ရာသီဥတု၊ မြစ်ချောင်းများတည်ရှိမှုအရ မြေပေါ်သယံဇာတဖြစ်သည့် သစ်တောများအခြေခံသော စက်မှုလုပ်ငန်းများကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးနှင့် ကောင်းစွာဆောင်ရွက်နိုင်သည်ကိုတွေ့ရပါကြောင်း၊ သစ်တောထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းကို တိတိကျကျစနစ်တကျဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွက်များစွာ အကျိုးဖြစ်စေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

ထို့ကြောင့်လည်း နိုင်ငံ၏မြန်မာ့အဖိုးတန် သဘာဝတောများ ထာဝစဉ်တည်တံ့စေရေးနှင့် ဂေဟစနစ်များ ပြန်လည်ပြုစုထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ အထိ ၁၀ နှစ်တာကာလ စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်သစ်တော စိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၁၉ သန်း စိုက်ပျိုးတည်ထောင်လျက်ရှိသည်ကို သိရပါကြောင်း။

ထိုသို့စိုက်ပျိုးရာတွင် မေလ (၁၄)ရက်နေ့က ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် အင်အားပြင်းထန်ကြီးမားသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့်ပျက်စီးသွားသော သစ်ပင်သစ်တောများကို စနစ်တကျပြန်လည် စိုက်ပျိုးပြုစုထိန်းသိမ်းဆောင်ရွက်ရန်နှင့် ကမ်းရိုးတန်းတစ်လျှောက် သဘာဝအကာအကွယ်များဖြစ်သည့် ဒီရေတောများ၊ သဘာဝအစိမ်းရောင်တံတိုင်းများဖြစ်သည့် သစ်ပင်သစ်တောများကို အရှိန်အဟုန်မြှင့်တင် စိုက်ပျိုးထိန်းသိမ်းကြရန် အထူးအလေးထားမှာကြားလိုပါကြောင်း။

မြန်မာနိုင်ငံအတွင်း ဖောက်လုပ်ထားရှိသော အဓိကလမ်းမကြီးများဖြစ်သည့် အာဆီယံလမ်းမကြီးများ၊ ရန်ကုန်-မန္တလေးလမ်း အမြန်လမ်းမကြီးနှင့် ရထားလမ်းများတစ်လျှောက် စိမ်းလန်းစိုပြည်ရေးနှင့် ခရီးသွားပြည်သူများစိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေးသည်လည်း အလွန်အရေးကြီးလှပါကြောင်း၊ လမ်းနယ်နိမိတ်ပြင်ပမီတာ (၅၀၀) အတွင်း တောပါးသည့်နေရာများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး သစ်ပင်များစိုက်ပျိုးနိုင်ရေး Master Plan ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပြီးဖြစ်ပါကြောင်း။

အလားတူ ကျေးရွာထင်းစိုက်ခင်းများ စိုက်ပျိုးတည်ထောင်ရန်၊ နိုင်ငံနှင့်အဝန်း ကျေးရွာများတွင် ဒေသအလိုက်သင့်တော်သည့် အရိပ်ရပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ်စိုက်ပျိုးရန်၊ တောင်ထိပ်၊ တောင်ကုန်းတောင်တန်းများတွင် သစ်ပင်သစ်တောများ ထိန်းသိမ်းရန်၊ သစ်ပင်များ စိုက်ပျိုးရန်၊ မြစ်ချောင်းတစ်လျှောက် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းရန် စသည့်သစ်တောစိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများ ကို သက်ဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူများပူးပေါင်းပြီး အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အောင်မြင်အောင် စိုက်ပျိုးဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။

ထို့ပြင် အမျိုးသားသစ်တောကဏ္ဍ ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ (၃၀)ရာခိုင်နှုန်းကို သစ်တောများ၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော များဖွဲ့စည်းရေးနှင့် (၁၀)ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရေးကိုလည်း ပြည့်မီအောင် အလေးထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။

နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံ၏မြို့တော်ဖြစ်သည်နှင့်အညီ စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ လူနေမှုအဆင့်အတန်းမြင့်မားစေရေး၊ သာယာလှပပြီးအဆင့်မီသည့် Green City Clean City ဖြစ်စေရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူနိုင်ငံအဝန်းမြို့ပြများနှင့် ရပ်ရွာဒေသအသီးသီးတွင် စိမ်းလန်းစိုပြည်သာယာစေရေးအတွက် လမ်းဘေးဝဲယာ သစ်ပင်သစ်တောများ၊ စိမ်းလန်းမြေများ (Green Spaces)၊ ဥယျာဉ်များ၊ ပန်းခြံများ၊ မြို့ပြသစ်တောများ၊ တစ်အုပ်တစ်မစိုက်ခင်းများနှင့်စိမ်းလန်းစိုပြည်သည့် Landscape များကို တိုးမြှင့်တည်ထောင်သွားကြရမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ထိန်းသိမ်းတာဝန်ယူဆောင်ရွက်နေစဉ်ကာလအတွင်း တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးရည်မှန်းချက်အဖြစ်ထားရှိပြီး တစိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သစ်ပင်သစ်တောများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့်အတွက် အမျိုးသားရေးလုပ်ငန်းတစ်ရပ်အဖြစ် ရှုမြင်သုံးသပ်ပြီးစနစ်တကျစီမံ အုပ်ချုပ်ထိန်းသိမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

ထို့ကြောင့် နိုင်ငံ၏သစ်တောသယံဇာတများ သားစဉ်မြေးဆက်ရေရှည်တည်တံ့စေရေး၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေး၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုစေရေးတို့အတွက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းမှာကြားလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကံ့ကော်ပျိုးပင်ကို သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။

ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်မျာနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် ဝန်ကြီးဌာနများမှဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများသည် ပျိုးပင်များကိုတစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် သည် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ထို့အတူ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ခင်းကျင်းပြသထားသည့် သစ်ပင်များ စိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းနှင့် ထိန်းသိမ်းလုပ်ငန်းများ၊ သစ်ကိုင်းဖျားသုံးနုန်းထိန်းတမံများပြုလုပ်ခြင်း၊ ပေါ်လိုနီးယားသစ်မျိုးနှင့်ပတ်သက်သည့်အချက်အလက်များ၊ ကြီးမြန်သစ်ပင် မာလာလူးကားသစ်မျိုး စိုက်ခင်းတည်ထောင်ခြင်းနှင့် အသုံးပြုခြင်း တို့ကိုလှည့်လည်ကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ကံ့ကော်၊ ခရေနှင့်စိန်ပန်းစသည့် သစ်မျိုးများအပါဝင် သစ်မျိုး ၁၃ မျိုး၊ ပျိုးပင် စုစုပေါင်း ၂၂၂၀ ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။