Skip to main content

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများ၊ ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများ၊ သင်တန်းထူးချွန်ဆု၊ အားကစားထူးချွန်ဆု၊ ဝန်ကြီးဌာနအဆင့်ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသည့် ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် နာရီတွင် နေပြည်တော်ရှိစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ ထူးချွန်ဆုရရှိကြသူများ၊ ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူဆောင်ရွက် သွားကြရမည့်သူများဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရာတွင် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အသိပညာဗဟုသုတ မြင့်မားပြီး၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးသည်လည်း အရေးကြီးကြောင်း၊ နည်းပညာသစ်များဖြင့် စိန်ခေါ်မှု၊ ပြိုင်ဆိုင်မှု များပြားသည့် ယနေ့ကမ္ဘာကြီးတွင် သားငယ်၊ သမီးငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချ၍ အစဉ်ကြိုးစားသင်ယူသွားကြရန် တိုက်တွန်းလိုကြောင်း၊ တစ်ချိန်တွင် နိုင်ငံတော်အတွက်အားထားရသည့် လူငယ်များဖြစ်အောင် ကြိုးစားသွားကြမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ (၆) ဘာသာဂုဏ်ထူး ရှင် (၂)ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၉)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁၁) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၇)ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၄၄) ဦး၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် သင်တန်းများတွင် ထူးချွန်ဆုရရှိသူ (၂၇) ဦး၊ ဝန်ကြီးဌာနအဆင့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူ (၉) ဦး၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားကြီးကိုရရှိခဲ့သည့် ဝန်ကြီးဌာနကိုယ်စားပြုဘောလုံးအသင်းနှင့် (၇၆) နှစ်မြောက်ပြည်ထောင်စု နေ့အထိမ်းအမှတ် ဝန်ကြီးဌာနအဆင့်ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ဝန်ထမ်း (၁၄) ဦးတို့ကို ဂုဏ်ပြုဆုများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် နေပြည်တော်ရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေကြသော ဝန်ထမ်းသားသမီးများထံ ပညာသင်ထောက်ပံ့ကြေး များကို ချီးမြှင့်ပေးအပ်သည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများသည် ဆုရကျောင်းသားကျောင်းသူများ၊ သင်တန်းထူးချွန်ဆုရရှိသူများနှင့် အားကစားထူးချွန်ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ရင်သွေးငယ်များအား ထူးချွန်အောင်ပြုစုပျိုးထောင် ပေးခဲ့ကြသည့် မိဘဝန်ထမ်းများနှင့် ကြိုးစားဖြေဆိုအောင်မြင်ခဲ့ကြသည် ထူးချွန်သူကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)