Skip to main content

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

နေပြည်တော် ဇူလိုင် ၆

တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်အလှူရှင်များကလှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် အခြေခံစားသောက်ကုန်ပစ္စည်း ၃.၇၆၉ တန်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော် (လေ) မှ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။

သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော် (လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ရေးပစ္စည်း ၅၆၄.၉ တန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း ၃၅၄၂ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် လေဆိပ်များသို့ရောက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်းများအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပေးပို့ဖြန့်ဖြူးလျက်ရှိကြောင်းနှင့် အဆိုပါတပ်မတော်လေယာဉ်/ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူပေးကြကြောင်း သတင်းရရှိသည်။