Skip to main content

နိုင်ငံတော်နှင့် ပြည်သူများအတွက် တန်ဖိုးကြီးမားသည့် သားကောင်းရတနာများ

သင်ကြားရေးဆေးရုံကြီးများ၌ ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ တစ်နှစ်တာအလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားများကို ရန်ကုန်ဆေးတက္ကသိုလ် (၁) နှင့် ဆေးတက္ကသိုလ် (၂)၊ ဆေးတက္ကသိုလ် - မန္တလေး၊ ဆေးတက္ကသိုလ်- မကွေးတို့တွင် ဇူလိုင် ၃ ရက်နံနက်ပိုင်းက ကျင်းပခဲ့သည်။ ခံယူချက်မှန်ကန်စွာဖြင့် ကြိုးစားခဲ့ပြီး အလုပ်သင်ဆရာဝန်အဖြစ်သို့ ရောက်ရှိလာသည့်အတွက် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိမည်ဖြစ်ရာ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် အလွန်မင်္ဂလာရှိသည့် နေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုစကားပြောကြား၍ ကြိုဆိုခဲ့သည်။

မိမိတို့နိုင်ငံတွင် ပြည်သူလူထုအားကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဆရာဝန်များစွာ လိုအပ်လျက်ရှိသည်။ အထူးသဖြင့် ပြည်သူလူထုအများစု၏ ကျန်းမာရေးအတွက် မှီခိုအားထားရာဖြစ်သော နိုင်ငံပိုင်ဆေးရုံများတွင် ဆရာဝန်၊ သူနာပြုအင်အားနှင့် လူနာဦးရေတို့မှာ မမျှမတဖြစ်နေသည်။ သို့ဖြစ်၍ တာဝန်ထမ်းဆောင်နေကြသည့် ဆရာဝန်၊ သူနာပြုများမှာ ဝန်နှင့်အားမမျှ ကြိုးပမ်းဆောင်ရွက်နေရသလိုပင် ကျန်းမာရေးပြုစုစောင့်ရှောက်မှု ခံယူကြရသည့် ပြည်သူများမှာလည်း အပြည့်အဝမရရှိနိုင်သည့်အခြေအနေများနှင့် ကြုံတွေ့ကြရသည်။ ဆေးတက္ကသိုလ်များက လေ့ကျင့်သင်ကြားမွေးထုတ်ပေးလိုက်သည့် အရည်အသွေးပြည့်ဝသည့် ဆရာဝန်များသည် မကျန်းမာသူကိုကျန်းမာလာအောင် ကုသပေးခြင်း၊ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်းနှင့် အသိပညာပေးခြင်းတို့ဖြင့် နိုင်ငံသားပြည်သူလူထု၏ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ကြသူများဖြစ်ရာ နိုင်ငံ့ဝန်ထမ်းဆရာဝန်အင်အား တိုးတက်များပြားလာခြင်းသည် နိုင်ငံနှင့်ပြည်သူအတွက် တန်ဖိုးကြီးမားသည့် စွမ်းအားများရရှိလာခြင်းပင်ဖြစ်သည်။

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များမှ အလုပ်သင်ဆရာဝန်စုစုပေါင်း ၆၀၄ ဦးတို့သည် သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်တိတိတာဝန်ထမ်းဆောင်ရင်း ပါမောက္ခဆရာဝန်၊ ဆရာဝန်မကြီးများ၏ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမှုကိုပါ ခံယူကြရမည်ဖြစ်သည်။ အလုပ်သင်ဆရာဝန်ကာလပြီးဆုံးသည့်အခါ လက်ထောက်ဆရာဝန်များအဖြစ် နိုင်ငံ့တာဝန်များ ဆက်လက်ထမ်းဆောင်ကြရမည်ဖြစ်ပြီး လက်ထောက်ဆရာဝန်ဘဝတွင် ဘွဲ့လွန်သင်တန်း ၁၁ မျိုးကို ဝင်ရောက်ဖြေဆိုနိုင်ကြကာ အဆင့်ဆင့်သော ဆက်လက်သင်ယူဆည်းပူးမှုများဖြင့် ပို၍ပို၍မြင့်မားသော ပညာရှင်များအဖြစ် ဆက်လက်တက်လှမ်းသွားနိုင်မည်ဖြစ်သည်။ ထို့အပြင် အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်တာလေ့ကျင့်သင်ယူထမ်းဆောင်ပြီးချိန်တွင် ဆေးကုသခွင့်မှတ်ပုံတင်ရရှိခြင်းနှင့်အတူ ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်လုပ်ကိုင်ခြင်း၊ ပုဂ္ဂလိကဆေးရုံများတွင် ဝင်ရောက်လုပ်ကိုင်ခြင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်ထမ်းဆောင်ခြင်း စသည်ဖြင့် အခွင့်အလမ်းများစွာတို့က စောင့်ကြိုနေမည်ဖြစ်သည်။

မိမိတို့နိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ကြိုတင်ကာကွယ်အသိပညာပေးမှုတို့အတွက် ဆရာဝန်များစွာလိုအပ်နေသည်။ နိုင်ငံ၏ ပျမ်းမျှမျှော်မှန်းနိုင်သော လူ့သက်တမ်းမြှင့်တင်နိုင်ရေး၊ မွေးကင်းစကလေးနှင့် ငါးနှစ်အောက်ကလေးများ သေနှုန်းလျှော့ချရေး၊ မိခင်များသေနှုန်းလျှော့ချရေးတို့ ဆောင်ရွက်ပေးရန်လိုအပ်နေသည်။ ကျန်းမာရေးအသိပညာနိမ့်ကျမှုများကြောင့် အာဟာရချို့တဲ့မှုနှင့် ကူးစက်ရောဂါများဖြစ်ပွားမှုတို့ကို ကာကွယ်သွားနိုင်ရန် ပညာပေးမှုများလည်း ဆောင်ရွက်သွားရမည်ဖြစ်ရာ လူငယ်သွေးသစ် ဆရာဝန်မောင်မယ်များသည် နိုင်ငံအတွက် သားကောင်းရတနာများပင်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်