Skip to main content

အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ဒေသခံပြည်သူ ၁၅ ဦးသေဆုံးပြီး သံဃာတော် ၃ ပါးအပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအား ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ဒေသခံပြည်သူ ၁၅ ဦးသေဆုံးပြီး သံဃာတော် ၃ ပါးအပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအတွင်းသို့ ယနေ့နံနက် ၄ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏ အရှေ့တောင်ဘက်မှ လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ ရိုးသားစွာနေထိုင်လုပ်ကိုင်စားသောက်နေသည့် အပြစ်မဲ့ဒေသခံပြည်သူ ၁၅ ဦး ဗုံးစထိမှန်သေဆုံးခဲ့ပြီး သံဃာတော် ၃ ပါးနှင့် အပြစ်မဲ့ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆိုပါထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ခံယူနိုင်ရန်အတွက် မုံရွာမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ရိုးသားစွာနေထိုင် လုပ်ကိုင်စားသောက်လျက်ရှိသည့် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာအတွင်းသို့ ယုတ်မာရက်စက်စွာ လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။