Skip to main content

ကျား၊ မ တန်းတူရင်ပေါင်တန်း၍ စွမ်းဆောင်ရည်များမြှင့်တင်

၂၀၂၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့တွင် ထူးချွန်ထက်မြက်သည့် မြန်မာအမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ပေးခဲ့ခြင်းကို တစ်မျိုးသားလုံးအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ကြရမည်ဖြစ်သည်။ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထူးချွန်အမျိုးသမီးများ၊ အားကစားကဏ္ဍ ထူးချွန်အမျိုးသမီးများ၊ ပညာရေးကဏ္ဍမှ ထူးချွန်အမျိုးသမီးများ စသည့်နယ်ပယ်ကဏ္ဍအသီးသီးမှ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ခဲ့သည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။

“မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ အရေးပါတဲ့ အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်တဲ့ လူသားအရင်းအမြစ်တွေဖြစ်ကြပါတယ်။ မြန်မာအမျိုးသမီးများဟာ လောကကို တစ်ဖက်တစ်လမ်းက တာဝန်ယူသူများ၊ လူငယ်လူရွယ်များရဲ့ အနာဂတ်ကို လှပအောင်ဖန်တီးသူ ဥယျာဉ်မှူးများဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့် အနာဂတ်နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေကို ပုံသွင်းထုဆစ်ပေးကြတဲ့ ဗိသုကာပညာရှင်များ ဖြစ်ကြပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်း အနားသို့ပေးပို့သည့် မိန့်ခွန်း၌ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့် အထက် အမျိုးသမီးစာ တတ်မြောက်မှုနှုန်းသည် အမျိုးသားစာတတ်မြောက်မှုနှုန်းထက် ခြောက်ရာခိုင်နှုန်းလျော့နည်းပြီး အသက်(၁၅)နှစ်နှင့်အထက် လူဦးရေ၏ လုပ်သားအင်အားပါဝင်မှုနှုန်းတွင်လည်း အမျိုးသမီးလုပ်သား ပါဝင်မှုနှုန်းသည် အမျိုးသားလုပ်သားပါဝင်မှုနှုန်းထက် အနည်းငယ်လျော့နည်းနေသည်။ အဆိုပါ အချက်အလက်များအရ အမျိုးသမီးများအထူးသဖြင့် အမျိုးသမီးငယ်များ၏ လူမှုစီးပွားဘဝ အခြေအနေမြင့်မားရေးအတွက် ပညာသင်ကြားတတ်မြောက်ရေးကို မြှင့်တင်ပေးဖို့လိုအပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်ရေးအတွက် အလုပ်လုပ်နိုင်သည့်အရွယ် အမျိုးသမီးများ၏ စွမ်းရည်များကို မြှင့်တင်ပေး ရန်လိုအပ်သည်။

ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများ၌ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ၊ နှိမ့်ချဘေးဖယ်ထားမှုများ ရှိနေသည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးကို ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် ပြဋ္ဌာန်းထားသည်။ အဆိုပါ ကွန်ဗင်းရှင်းတွင် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုးထားသည်။ မြန်မာနိုင်ငံတွင် အမျိုးသမီးများအား ကျား၊ မ တန်းတူ မခွဲခြားဘဲ မည်သည့်ကဏ္ဍတွင်မဆို ပါဝင်ခွင့်ပေးထားသည်။ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ် အသီးသီးတွင် မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူရင်ပေါင်တန်းပြီး လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နေကြသည်။

နိုင်ငံနှင့်လူမျိုး အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးနယ်ပယ်တွင် အမျိုးသမီးများပါဝင်မှုနှုန်းမှာ ယခင်ခေတ်ကာလများကထက် မြင့်မားလာသည်ကို တွေ့ရသည်။ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်တွင် အမျိုးသမီးများသည် ဦးဆောင်မှုအခန်းကဏ္ဍများတွင်ပါ ပါဝင်လာနိုင်ကြသည်ကို တွေ့ရသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၂ ခုနှစ် ကိန်းဂဏန်းများအရ ပြည်ထောင်စု ဝန်ကြီးဌာနများတွင် အမျိုးသမီးများ ဦးဆောင်ပါဝင်မှု မြင့်မားလာသည်ကိုတွေ့ရ သည်။ ညွှန်ကြားရေးမှူးချုပ်အဆင့်၌ ၂၆ ဒသမ ၂ ရာခိုင်နှုန်း၊ ဒုတိယညွှန်ကြားရေး မှူးချုပ်အဆင့်တွင် ၄၃ ဒသမ ၃ ရာခိုင်နှုန်း၊ ညွှန်ကြားရေးမှူးအဆင့်၌ ၅၂ ဒသမ ၆ ရာခိုင်နှုန်း၊ ဒုတိယညွှန်ကြားရေးမှူးအဆင့်တွင် ၅၆ ဒသမ ၆ ရာခိုင်နှုန်း၊ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်တွင် ၅၇ ရာခိုင်နှုန်းပါဝင်ပြီး အရာရှိနှင့် အခြားအဆင့်များတွင် အမျိုးသားများထက် ပိုမိုပါဝင်လာသည်ကို တွေ့ရသည်။

အလားတူ အများပြည်သူဝန်ဆောင်မှုကဏ္ဍများတွင်လည်း အမျိုးသမီးများ ပိုမိုပါဝင်လာကြပြီး ဆရာဝန်၊ သူနာပြု၊ သင်ကြားရေးဆိုင်ရာဆရာများတွင် အမျိုးသမီးများမှာ အများစုဖြစ်သည်။ ထို့ကြောင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့တွင် မြန်မာအမျိုးသမီးများသည် ကျား၊ မ တန်းတူမခွဲခြားဘဲ စွမ်းဆောင်ရည်မြင့်မားစွာ ပါဝင်နေကြသည်ကိုတွေ့ရမည် ဖြစ်သည်။ မျက်မှောက်ကာလတွင် နည်းပညာဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိနေပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့ ကျား၊ မ တန်းတူညီမျှစွာ လျှောက်လှမ်းနိုင်ရေးအတွက် တီထွင်ဆန်းသစ်မှု၊ နည်းပညာနှင့် ဒစ်ဂျစ်တယ် အသိပညာမြှင့်တင်ဆောင်ရွက်ရေး၊ နည်းပညာလက်လှမ်းမီရေး၊ လေ့ကျင့်သင်ကြား ပေးမှုများတွင် ဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများတွင် တက်ညီလက်ညီ မြင့်မားတိုးတက်စွာ ဆောင်ရွက် နိုင်ရန်အတွက် မြန်မာအမျိုးသမီးများ၏အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။   ။\