Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဂုံးချွိန်ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော် ဘဒ္ဒန္တခေမာစာရအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းကာ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်နေမှုများကို သွားရောက်ကြည့်ရှုပြီး ရေသန့်ဘူးများ၊ စားသောက်ကုန်ပစ္စည်းများနှင့် တိုင်းရင်း ဆေးမျိုးစုံကို ပေးအပ်လှူဒါန်းကာ အားပေးစကားများပြောကြားခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ အလယ်ချောင်းကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ လေဘေးသင့်ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအား (ဒုတိယ)အကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ကာ အားပေးစကားများပြောကြားပြီး ကျန်းမာရေးစောင့်ရှောက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့သည်။ ထို့ပြင်မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးသွားသည့် စာသင်ကျောင်းဆောင်များ ပြုပြင်ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုကို သွားရောက်ကြည့်ရှုပြီး စားသောက် ဖွယ်ရာများပေးအပ်ခဲ့သည်။

ထို့အတူ မတူပီမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်မောင်အေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် နယ်မြေခံတပ်နယ်ခန်းမ၌ လေဘေးသင့်ပြည်သူများထံ အဝတ်အထည်မျိုးစုံနှင့် အသုံးအဆောင် ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ပုဏ္ဏားကျွန်းမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဝင်းမောင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်း၊ ရွှေတောင်တန်း ဘုန်းတော်ကြီးကျောင်းနှင့် ခေမာရာမပရဟိတ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကန်တော့ပြီး၊ သံဃာတော်များအတွက် သင်္ကန်းစုံများ၊ စားသောက်ကုန်ပစ္စည်းများနှင့် အသုံး အဆောင်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းပေးခဲ့သည်။

ထို့အတူ မောင်တောမြို့သို့ရောက်ရှိနေသည် ဗိုလ်မှူးချုပ်တင်ဆွေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သာသနာ့ဗိမာန်တော်ကြီးတွင် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကာ မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သော ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်များအား ဖူးမျှော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် အခြားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။